အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နေတန်ယာဟု၏ ပထမဆုံးထုတ်ပြန်ချက်တွင် အီရန် အစိုးရအပြောင်းအလဲဖြစ်ရန် တိုက်တွန်းနှိုးဆော်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ပထမဆုံးဗီဒီယိုမိန့်ခွန်းကို စနေနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး တီဟီရန်ရှိ အစိုးရအပြောင်းအလဲဖြစ်ရန် တိုက်တွန်းပြောဆိုခဲ့သည်။
နေတန်ယာဟုက အီရန် ပြည်သူများအားလုံးအနေဖြင့် "အာဏာရှင်စနစ်၏ ထမ်းပိုးကို ဖယ်ရှားပစ်ရန်နှင့် လွတ်လပ်ငြိမ်းချမ်းသော အီရန် နိုင်ငံကို တည်ထောင်ရန်" တိုက်တွန်းခဲ့သည်။ ၎င်းက "မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် သတ္တိရှိသော အီရန် ပြည်သူများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို ၎င်းတို့ကိုယ်တိုင် ဖန်တီးနိုင်မည့်အခြေအနေများကို ဖန်တီးပေးလိမ့်မည်" ဟု ပြောကြားခဲ့သည်။
ဇွန်လအတွင်းက အီရန်နှင့် ၁၂ ရက်ကြာဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း၌လည်း နေတန်ယာဟုသည် အီရန် ပြည်သူများအား အစိုးရကို တော်လှန်ရန် တိုက်တွန်းခဲ့ဖူးသည်။
နေတန်ယာဟုသည် ၎င်း၏ ဗီဒီယိုမိန့်ခွန်းကို သမ္မတ ဒေါ်နယ်ထရမ့်၏ "သမိုင်းဝင်ဦးဆောင်မှု" အတွက် ကျေးဇူးတင်စကားဖြင့် စတင်ခဲ့သည်။ ၎င်းက "လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နိုင်မည့် နျူကလီးယားလက်နက်များကို ထိုကဲ့သို့ လူသတ်အကြမ်းဖက်အစိုးရက ပိုင်ဆိုင်သွားခြင်းမျိုး မည်သည့်အခါမျှ အခွင့်မပေးနိုင်ပါ" ဟုလည်း ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
