မြန်မာ-အိန္ဒိယ ယူ-၁၇ ဘောလုံးအသင်း ဒုတိယခြေစမ်းပွဲ၌ သရေကျ
ရန်ကုန် မတ် ၅
၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ ဘောလုံးပြိုင်ပွဲမတိုင်မီ ဧပြီလတွင် ကျင်းပမည့် အာဆီယံ ယူ-၁၇ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအမျိုးသား ယူ-၁၇ ဘောလုံးအသင်းနှင့် အိန္ဒိယအမျိုးသား ယူ- ၁၇ အသင်းတို့သည် ယနေ့ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒုတိယခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂိုးမရှိ သရေရလဒထွက်ပေါ်ခဲ့သည်။ မတ်လ ၃ ရက်က ပထမခြေစမ်းပွဲတွင် အိန္ဒိယ ယူ -၁၇ အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယနေ့ ဒုတိယခြေစမ်းပွဲ၌ နှစ်ဖက်သရေဖြင့် ပွဲစဉ်ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ပထမခြေစမ်းပွဲတွင် မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် မြင့်မြတ်ကိုကိုနှင့် တိုက်စစ်ကစားသမားများက ဒုတိယခြေစမ်းပွဲတွင်လည်း အကောင်းဆုံးကစားခဲ့ကြပြီး ဂိုးမပေးရရေးအတွက် ရှေ့နောက်ဆင်း၍ ကစားနိုင်ခဲ့ကာ အိန္ဒိယနောက်တန်းခံစစ်ကို ထိုးဖောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။
မြန်မာနောက်ခံကစားသမားများကလည်း ဂိုးမပေးရရေးအတွက် အနာခံကစားခဲ့ကြပြီး ပွဲပြီး၍ အချိန်ပို သုံးမိနစ်တွင် မြန်မာအသင်းက ပြစ်ဒဏ်ဘောနှင့် ထောင့်ကန်ဘောရရှိခဲ့သော်လည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့သဖြင့် သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ဇော်မင်းလတ်
ညိမ်းသူ(သတင်းစဉ်)
MWD
