အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးတင်းမာမှုကြောင့် ရေနံဈေးနှုန်း ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

News Image

  • အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးတင်းမာမှုကြောင့် ရေနံဈေးနှုန်း ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ်စစ်ရေးလှုပ်ရှားမှုများ ပြင်းထန် လာခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ကမ္ဘာ့ဈေးကွက်သို့ ရေနံတင်ပို့မှု များ အနှောင့်အယှက်ဖြစ်ပေါ်လျက်ရှိရာ ရေနံဈေးနှုန်းများမှာ သောကြာနေ့ (မတ် ၆) တွင် ၂ နှစ်ခွဲအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကမ္ဘာ့ရေနံဈေးနှုန်းကို တိုင်းတာသည့် ဘရန့် (Brent) ရေနံစိမ်းမှာ ၈ ရာခိုင်နှုန်းကျော် မြင့်တက်ကာ တစ်စည်လျှင် ၉၂ ဒေါ်လာကျော်အထိ ဖြစ်လာပြီး အမေရိကန် ဝက်စ်တက်ဆက်စ် (WTI) ရေနံစိမ်းမှာလည်း ၁၁ ရာခိုင်နှုန်းကျော်မြင့်တက်ကာ ဒေါ်လာ ၉၀ ကျော်အထိ အသီးသီးရောက်ရှိသွားခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းများ ဖြစ်သည်။

Bloomberg ၏ ဖော်ပြချက်အရ ကမ္ဘာ့ရေနံတင်ပို့မှု၏ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ အီရန်နှင့် အိုမန်ကြားရှိ အရေးပါသော ရေ လမ်းကြောင်း ဖြစ်သည့် 'ဟော်မုဇ်ရေလက်ကြား' တွင် ကုန်သွယ်မှုသင်္ဘောများ သွားလာမှု မှာ ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း သိရှိရသည်။

ဒေသတွင်း ဒုတိယအကြီးဆုံးရေနံထုတ်လုပ်သည့် အီရတ်နိုင်ငံသည် ရေနံတင်ပို့နိုင်ခြင်း မရှိတော့သည့်အတွက် ထုတ်လုပ်မှုကို လျှော့ချခဲ့ ရသည်။ ကူဝိတ်နိုင်ငံအနေဖြင့်လည်း သိုလှောင်ရုံများ ပြည့်သွားခြင်း ကြောင့် အချို့သောရေနံတွင်းများတွင် ထုတ်လုပ်မှုကို စတင်လျှော့ချ နေပြီဟု သတင်းများထွက်ပေါ်နေသည်။ အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု မှာလည်း လုံးဝနီးပါး ရပ်တန့်သွားပြီဖြစ်သည်။

အကယ်၍ ထိုသို့ ရေနံတင်ပို့မှု အနှောင့်အယှက်ဖြစ်စဉ်များ ဆက်လက် ဖြစ်ပေါ်နေပါက ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိ သွားနိုင်ကြောင်း Goldman Sachs က သတိပေးထားသည်။ ကာတာ နိုင်ငံ၏ စွမ်းအင်ဝန်ကြီးကလည်း ရေနံဈေးနှုန်းသည် ၁၅၀ ဒေါ်လာအထိ ပင် ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရေကြောင်းသွားလာမှု အနှောင့်အယှက် များ ဖြစ်ပေါ်နေခြင်းသည် ရုရှားအတွက် စွမ်းအင်တင်ပို့မှုကိုတိုးချဲ့ရန် အခွင့်အလမ်းများ ပွင့်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ "ယခုလို အခြေအနေမျိုးမှာ ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ရေနံတင်ပို့မှု ရပ်တန့်သွားသည့်အတွက် ရေနံလိုအပ်ချက်ရှိနေသည့် ဝယ်လက်သစ် တွေကို ကျွန်တော်တို့ ရှာဖွေနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။ မော်စကို အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေးသွင်းမှုများနေရာတွင် ၎င်းတို့၏ စွမ်းအင်များကို အစားထိုးတင်ပို့နိုင်ရန် စီစဉ်နေကြောင်း လည်း အရိပ်အမြွက် ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး ရေနံ တင်သွင်းသူ တစ်ဦးဖြစ်သည့် အိန္ဒိယနိုင်ငံကို ရုရှားရေနံဝယ်ယူခွင့် ရက်ပေါင်း ၃၀ သက်တမ်းတိုး ခွင့်ပြုချက်ပေးလိုက်သည်။ အဆိုပါလုပ်ဆောင်ချက်သည် ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) မှ နိုင်ငံရေးသမားအချို့ကလည်း ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများ ပိုမိုမြင့်တက်လာလျက်ရှိသည်။ ဂျာမနီနိုင်ငံတွင် BSW ပါတီခေါင်းဆောင် Sahra Wagenknecht က ရေနံဈေးနှုန်းများ ကျဆင်းစေရန်အတွက် ရုရှားရေနံတင်သွင်းမှုများကိုပြန်လည်စတင်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင်AfD ပါတီ၏ တွဲဖက်ဥက္ကဋ္ဌ Alice Weidel ကလည်း အမေရိကန်နှင့်အရှေ့အလယ်ပိုင်းအပေါ် တစ်ဖက်သတ်မှီခိုနေရခြင်းကို ရပ်တန့်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂