ငါးဖမ်းရာသီ ပိတ်ထားချိန် အေးခဲစက်ရုံများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်စည်မပြတ် စီးဆင်းလျက်ရှိ
ရန်ကုန် မေ ၁၈
ပင်လယ်ပြင်ငါး/ပုစွန်ပေါက်ပွားချိန် ငါးဖမ်းရာသီပိတ်ထားချိန်၌ ရန်ကုန်မြို့ရှိ အေးခဲစက်ရုံများမှ ရေငန်ထွက်ကုန်များ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ကုန်စည်မပြတ် စီးဆင်းလျက်ရှိကြောင်း ဗဟိုစံပြငါးဈေးရှိ အမ်အမ်အေရေထွက်ကုန် ကုမ္ပဏီမှသိရသည်။
ငါးဖမ်းရာသီဖွင့်ထားချိန်တွင် ရန်ကုန် မြို့ဆိပ်ကမ်းများသို့ ဝင်ရောက်လာသည့် ရေငန်ထွက်ကုန်များအား ရာသီပိတ်ချိန်တွင် မပြတ်ရောင်းချနိုင်ရန် ကုန်စည်အချို့အား အအေးခန်းစက်ရုံများသို့ ပို့ဆောင်ထားကြပြီး ရာသီပိတ်ချိန်ဧပြီလမှဇွန်လအထိ သုံးလအတွင်း ရွှေပိတောက်ငါးဈေး နှင့်ဗဟိုစံပြငါးဈေးတို့မှ ပြည်တွင်းစားသုံးမှုအဖြစ် ကုန်စည်စီးဆင်း၍ ပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများမှ တရုတ်နိုင်ငံသို့ကုန်စည်မပြတ်တင်ပို့လျက်ရှိသည်။
“ပင်လယ်ငါးဖမ်းရာတွင် သုံးလမပိတ်မီဝင်လာတဲ့ ရေငန်ထွက်ကုန်တချို့တစ်ဝက် ကို ကုမ္ပဏီတွေက အေးခဲစက်ရုံကိုပို့ကြပါတယ်။ အဲ့ဒီအချိန်က အအေးခန်းစက်ရုံဝန်ဆောင်ခထက် အခုအချိန်အအေးခန်း စက်ရုံဝန်ဆောင်ခစရိတ် မြင့်လာတာကြောင့် ရောင်းကုန်အပေါ်မှာ ဈေးနှုန်းမြင့်သွားပေမယ့် ပြည်တွင်းဈေးကွက်မှာ ရေငန်ထွက်ကုန်ပြတ်လပ်မှု မရှိတဲ့အပြင် ရေချိုထွက်ကုန်ဈေးနှုန်း မြင့်မှုကိုလည်း ထိန်းစေပါတယ်။ ပြည်ပပို့ကုန်ဆိုရင်မှာတဲ့အတိုင်း ကွန်တိန်နာတစ်လုံးဖြစ်စေ၊ နှစ်လုံးဖြစ်စေ အေးခဲစက်ရုံကနေပို့နေကြပါတယ်။ အဓိက ငါးဖမ်းရာသီပိတ်ထားပေမယ့် ပြည်ပပို့ကုန်ရပ်နားမှုမရှိပါဘူး။ ဇူလိုင်လဆိုရင် ငါးဖမ်းရာသီပြန်ဖွင့်မှာဖြစ်လို့ ကုန်စည်စီးဆင်းမှု ပိုပြီး စည်ကားလာမှာပါ”ဟု ဗဟိုစံပြငါးဈေးရှိ အမ်အမ်အေကုမ္ပဏီမှ ရေလုပ်ငန်းရှင် ဒေါ်တင်နွယ်က ပြောသည်။
ပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများမှ ရေငန်ပုစွန်မျိုးစုံ၊ ငါးမုတ်ဖြူ၊ ငါးမုတ်မဲ၊ ငါးရွှေ၊ ငါးသင်ဖြူ၊ သင်ဝါ၊ ငါးတံခွန်၊ ကကူရံ၊ ကင်းမွန်နှင့် စားသုံးမှုများသော ရေငန်ထွက်ကုန်များကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ရန်ကုန်မြို့ရှိ တရုတ်ကုမ္ပဏီများမှ ငါးဖမ်းစက်လှေ ၅၀ ခန့်က ပို့ဆောင်သည့် ရေငန်ထွက်ကုန်များအား ကြို့ကုန်း၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ အအေးခန်းစက်ရုံများမှ တိုက်ရိုက်တင်ပို့သည့်အပြင် ဟိုင်လုံဆိပ်ကမ်း၊ ညောင်တန်းဆိပ်ကမ်း၊ ရွှေဇင်ယော်ဟိန်း ဆိပ်ကမ်းနှင့်ကြို့ကုန်းဆိပ်ကမ်းတို့မှ ရေငန်ထွက်ကုန်များကိုလည်း ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
ရန်ကုန်ဈေးကွက်တွင် စားသုံးမှုများသည့် ပလာတူးငါး၊ မျက်ကြယ်ငါး၊ ပီသာငါး၊ မီးလုံးငါးအပါအဝင် အခြားရေငန်ငါးများ အေးခဲထွက်ကုန်အဖြစ် ရောင်းအားသွက်လျက်ရှိသည်။ ရေငန်ထွက်ကုန်များအား အအေးခန်းစက်ရုံများသို့ ပို့ဆောင်ပါက 1kg (၆၂ ကျပ်ခွဲသား) တစ်ရက်အေးခဲခ ငွေကျပ် ၆၀၀၊ ထိန်းသိမ်းခအဖြစ် ငွေကျပ် ၅၀ ဝန်ဆောင်ခပေးရကြောင်း သိရသည်။
ရေငန်ထွက်ကုန်များ သင်္ကြန်မတိုင်မီတွင် အရောင်းအဝယ် အထူးကောင်းမွန်ခဲ့ပြီး သင်္ကြန်ကာလနောက်ပိုင်း အရောင်းအဝယ် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိသည်။ ပြည်ပနိုင်ငံများအနေဖြင့် ရေငန်ထွက်ကုန်များကို အများဆုံးစားသုံးမှုကြောင့် မြန်မာနိုင်ငံမှ နှစ်စဉ်ရေငန်ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ ငါးဖမ်းရာသီပိတ်ထားချိန်၌ အအေးခန်းစက်ရုံများမှ ကုန်စည်မပြတ်စီးဆင်းမှုဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
MWD
