ယူကရိန်း ချေးငွေအရေးနှင့် ပတ်သက်၍ ဗီတိုအာဏာသုံးရန်အသင့်ရှိဟု စလိုဗက်ကီးယား ကြေညာ
ယူကရိန်းနိုင်ငံအတွက် ဥရောပသမဂ္ဂ (EU) မှ ချမှတ်ထားသည့် ယူရို ၉၀ ဘီလီယံ အရေးပေါ်ချေးငွေအစီအစဉ်ကို ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာ သုံး၍ ပိတ်ဆို့ထားသည့်ကိစ္စတွင် စလိုဗက်ကီးယားနိုင်ငံက ပါဝင်ပံ့ပိုးကူညီမည်ဟု ကြေညာလိုက်ခြင်းက ဒေသတွင်း နိုင်ငံရေးအခြေအနေကို ပိုမိုတင်းမာလာစေသည်။
စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက လာမည့်ဟန်ဂေရီ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဗစ်တာအော်ဘန် ရာထူးမှဆင်းပေးရမည့် အခြေအနေမျိုးဖြစ်လာပါက ဟန်ဂေရီ၏ ပိတ်ဆို့ရေးတာဝန်ကို စလို ဗက်ကီးယား က ဆက်လက်ယူသွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ (မတ် ၈) တွင် ပြောကြားခဲ့သည်။ အဆိုပါပိတ်ဆို့မှုသည် ယူကရိန်းအနေဖြင့်Druzhba ရေနံပိုက်လိုင်းမှတစ်ဆင့် ရုရှားရေနံတင်ပို့မှုကို ပြန်လည် စတင်စေရန်ဖိအားပေးသည့် တရားဝင်သော နည်းလမ်းဖြစ်ကြောင်း ၎င်းက အခိုင်အမာဆိုသည်။
ဝန်ကြီးချုပ် ဖီကိုက အဆိုပါ ချေးငွေအစီအစဉ်ကို ယူကရိန်းအနေဖြင့် ပြန်လည်ပေးဆပ်ရမည်မဟုတ်သည့်အတွက် အနှစ်သာရအားဖြင့် “လက်ဆောင်” သက်သက်သာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့များအား နောက်ဆုံးစစ်သားကျန်သည်အထိ စစ်တိုက်စေရန် လှုံ့ဆော်သည့်အစီအစဉ်တစ်ခုသာ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့သည် ရုရှား စွမ်းအင်အပေါ် အကြီးအကျယ်မှီခိုနေရသည့်နိုင်ငံများဖြစ်ပြီး ယူကရိန်း က ရေနံစီးဆင်းမှုကို တမင်တကာပိတ်ပင်ထားခြင်းဖြင့် ၎င်းတို့အပေါ် ဖိအားပေးနေသည်ဟု ယုံကြည်ထားကြသည်။
နှစ်နိုင်ငံအကြား တင်းမာမှုများမှာ ရေနံပိုက်လိုင်းပြဿနာထက် ကျော်လွန်လာခဲ့သည်။ မကြာသေးမီက ဟန်ဂေရီနိုင်ငံသည် ငွေကြေးခဝါချမှုစုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းအဖွဲ့တစ်ဖွဲ့ သယ်ဆောင်လာသည့် ငွေသားဒေါ်လာ သန်း ၈၀ နှင့် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ရွှေချောင်းများကို သိမ်းဆည်းခဲ့ရာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဓားပြတိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
ထို့ပြင် ယူကရိန်းသမ္မတ ဇီလန်စကီးက ဟန်ဂေရီ ဝန်ကြီးချုပ်ကိုရည်ရွယ်၍ သွယ်ဝိုက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သော်လည်း ဝန်ကြီးချုပ် အော်ဘန်ကမူ မည်သည့်ခြိမ်းခြောက်မှုကမျှ ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
