အရှေ့အလယ်ပိုင်းပဋိပက္ခများအကြား တရုတ်နိုင်ငံက ရုရှား ဓာတ်ငွေ့ ပိုမိုရရှိရေး ဦးစားပေးလုပ်ဆောင်လာ
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံထံမှ သဘာဝဓာတ်ငွေ့ပိုမိုရရှိရန် အဓိက တွန်းအားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း အရိပ်အယောင်များပြသ လိုက်ပြီး ၎င်း၏ နောက်ဆုံးငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းတွင် ပိုက်လိုင်းသစ်နှစ်ခုအကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်း ရှိ ပဋိပက္ခများကြောင့် အဓိကစွမ်းအင်လမ်းကြောင်းဖြစ်သော ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသည့် LNG တင်ပို့မှုများ ခြိမ်းခြောက်ခံ နေရချိန်တွင် ယခုခြေလှမ်းပေါ်ထွက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) သို့ တင်သွင်းခဲ့သည့် ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်တွင် ပေကျင်းအနေဖြင့် “တရုတ်-ရုရှား သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ ဗဟိုလမ်းကြောင်း” အတွက် ပြင်ဆင်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဟု မှတ်ချက်ပြုထားကြောင်း South China Morning Post (SCMP) က တနင်္လာနေ့ (မတ် ၉) တွင် ဖော်ပြခဲ့သည်။
အဆိုပါမူကြမ်းတွင် စီမံကိန်းအမည်ကို တိတိကျကျဖော်ပြထားခြင်း မရှိသော်လည်း ဈေးကွက်လေ့လာစောင့်ကြည့်သူများက ၎င်းမှာ Power of Siberia 2 ပိုက်လိုင်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းအခြေအနေများကြောင့် ၎င်းပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ခြေရှိကြောင်းလည်း ခန့်မှန်းထားကြသည်။
ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဆွေးနွေးခဲ့ကြပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အဆိုပါပိုက်လိုင်း တည်ဆောက်ရန်အတွက် ဥပဒေကြောင်းအရ အတည်ဖြစ်စေသော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမ္မတ ဗလာဒီမာ ပူတင်၏ ပေကျင်း ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပိုက်လိုင်းသည် ဆိုက်ဘေးရီးယား အနောက်ပိုင်းမှတစ်ဆင့် မွန်ဂိုလီးယားကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံမြောက်ပိုင်းသို့ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၅၀ အထိ ပို့လွှတ်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အပြည့်အဝ လည်ပတ်နိုင်ခဲ့သည့် Power of Siberia ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ပေးပို့လျက်ရှိနေပြီဖြစ်သည်။ ထို့ပြင် မော်စကိုသည် ကာတာနိုင်ငံပြီးလျှင် ပေကျင်း အတွက် ဒုတိယအကြီးဆုံး LNG တင်သွင်းရာ အရင်းအမြစ်လည်း ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ LNG လိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်းခန့် ကို ကာတာနိုင်ငံမှလည်းကောင်း၊ ၅ ရာခိုင်နှုန်းခန့်ကို ယူအေအီး (UAE) နိုင်ငံမှလည်းကောင်း တင်သွင်းနေခြင်းဖြစ်ပြီး ထိုကုန်စည်များကို ပုံမှန်အားဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်ရခြင်း ဖြစ်သည်။
Tencent News ၏ ဖော်ပြချက်အရ အဆိုပါ မူကြမ်းတွင် “တရုတ်-ရုရှား အရှေ့ဖျားဒေသ သဘာဝဓာတ်ငွေ့ပိုက်လိုင်း” အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ရုရှား၏ Gazprom နှင့် တရုတ်၏ CNPC တို့ ပူးပေါင်းတည်ဆောက်ထားသည့် ထိုပိုက်လိုင်းသည် တရုတ် နယ်စပ် နှင့် ၅ ကီလိုမီတာခန့်သာ ဝေးကွာသော Dalnerechensk မြို့မှ စတင်သွယ်တန်းထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ ပို့လွှတ်နိုင်စွမ်းရှိသည်။ ၎င်းပိုက်လိုင်းမှာ တည်ဆောက်မှုအပြည့်အဝ ပြီးစီးနေပြီဖြစ်ကာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ်ရန် သတ်မှတ် ထားသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဥရောပသမဂ္ဂ (EU) အနေဖြင့် ၂၀၂၇ ခုနှစ်တွင် ရုရှားဓာတ်ငွေ့ကို ပိတ်ပင်ရန် စီစဉ်ထားသည့်အတိုင်း မလုပ် ဆောင်မီ မော်စကိုဘက်မှ ဓာတ်ငွေ့ပေးပို့မှုများကို ကြိုတင် ဖြတ်တောက်ပြီး ယုံကြည်စိတ်ချရသောမိတ်ဖက်များထံသို့ လမ်းကြောင်းပြောင်းလဲ ပို့လွှတ် သွားနိုင်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ်ကလည်း ရုရှားသည် ဥရောပ သို့ ပို့လွှတ်နေသည့် LNG အချို့ကို တရုတ်နိုင်ငံအပါအဝင် အာရှ-ပစိဖိတ် ဈေးကွက်များသို့ လမ်းကြောင်းပြောင်းလဲမည်ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။ အဆိုပါပြောကြားချက်များကြောင့် ဥရောပ၏ စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့ပြီး နိုင်ငံရေးသမားအချို့က ရုရှား စွမ်းအင်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။
အနောက်အုပ်စု၏ ကျယ်ပြန့်သော ကန့်သတ်ပိတ်ဆို့မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသည် ရုရှားနှင့်စွမ်းအင်ကုန်သွယ်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။ ပေကျင်းနှင့် မော်စကိုတို့သည် ၂၀၂၂ ခုနှစ်တွင် “အကန့်အသတ်မရှိ” (No-limits) မိတ်ဖက်ဖြစ်မှုကို ကြေညာခဲ့ကြသည်။ ပြီးခဲ့သည့်လက သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းဖြင့် ဆွေးနွေးရာတွင် ပူတင်က နှစ်နိုင်ငံကုန်သွယ်မှုမှာ တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်လွန်နေပြီဖြစ်ကြောင်းနှင့် တရုတ်အတွက် အဓိက စွမ်းအင်တင်သွင်းသူအဖြစ် ရုရှား၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖျင် ကလည်း နိုဝင်ဘာလက ပေကျင်းတွင် ပြုလုပ်ခဲ့သည့် တရုတ်-ရုရှား စွမ်းအင်စီးပွားရေးဖိုရမ်တွင် စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
