2026 Ballon d'Or ဆုအတွက် အဆင့်သတ်မှတ်ချက်တွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီ ထိပ်ဆုံး၌ဦးဆောင်နေ
မက်ဒရစ် မတ် ၁၀
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် ပြင်သစ်မဂ္ဂဇင်းတို့ပူးပေါင်းချီးမြှင့်ပြီး ဘောလုံးလောကတွင် အဆင့်အမြင့်ဆုံးဆုဖြစ်သည့် 2026 Ballon d'Or ဆုအတွက် အဆင့်သတ်မှတ်ချက်တွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီက ထိပ်ဆုံး၌ ဦးဆောင်နေကြောင်း သိရသည်။
2026 Ballon d'Or ဆုအတွက် အဆင့်သတ်မှတ် ချက်ကို ကစားသမားများ၏ သွင်းဂိုးများ၊ ဂိုးဖန်တီးမှု၊ ဆုဖလားရရှိမှု၊ ပြစ်ဒဏ်သတ်မှတ်ခံရခြင်း နည်းပါးမှုနှင့် အသင်းအပေါ်အကျိုးသက်ရောက်မှု စသည်တို့ကို အခြေခံတွက်ချက်ခြင်း ဖြစ်သည်။
လက်ရှိ 2026 Ballon d'Or ဆုအတွက် အဆင့် သတ်မှတ်ချက်တွင် အကြိမ်အများဆုံးရရှိထားသည့် မက်ဆီအနေဖြင့် အဆင့်(၁၀)အတွင်း ရပ်တည်နေ သော်လည်း စီရော်နယ်ဒိုအနေဖြင့် ထိပ်ဆုံး ၁၀ ဦး စာရင်းအတွင်း မဝင်ရောက်နိုင်ခြင်းဖြစ်သည်။
လက်ရှိတွင် အမ်ဘတ်ပီသည် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပြင်သစ်အသင်းတို့၌ အဓိကကစားသမားအဖြစ်ရပ်တည်နေသူဖြစ်ပြီး ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် 2026 Ballon d'Or ဆုအတွက် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ဦးဆောင် နေခြင်းဖြစ်သည်။
အမ်ဘတ်ပီသည် 2026 Ballon d'Or ဆုအတွက် သတ်မှတ်ကာလအတွင်း ၃၃ ပွဲကစားပြီးချိန်တွင် ၃၈ ဂိုးအထိသွင်းယူထားပြီး ဂိုးဖန်တီးမှုခြောက်ကြိမ်ပြုလုပ်ထားသူဖြစ်သည်။
2026 Ballon d'Or ဆုအတွက် အဆင့်သတ်မှတ်ချက်တွင် အမ်ဘတ်ပီ၏နောက်၌ ဘိုင်ယန်မြူးနစ် အသင်းမှ ဟယ်ရီကိန်းက အဆင့်(၂)၊ ဘာစီလိုနာအသင်းမှ ယာမယ်က အဆင့်(၃)၊ မန်စီးတီးအသင်းမှ ဟာလန်းက အဆင့်(၄)၊ အာဆင်နယ်အသင်းမှ ဒီကလန်ရိုဒ်က အဆင့်(၅)၊ ဘာစီလိုနာအသင်းမှ ပက်ဒရီက အဆင့်(၆)၊ အင်တာမိုင်ယာမီအသင်းမှ မက်ဆီက အဆင့်(၇)၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က Ballon d'Or ဆုရရှိထားသည့် ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီက အဆင့်(၈)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီးယက်က အဆင့်(၉)၊ ဘိုင်ယန်မြူးနစ်အသင်းမှ လူးဝစ်ဒီယက်က အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
Ref;Give Me Sports
MWD
