အီရန်ရှိ စာသင်ကျောင်းအား တိုက်ခိုက်မှုတွင် အမေရိကန်၌ တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးမှုများတွင်တွေ့ရှိဟု NYT ဖော်ပြ
အီရန်နိုင်ငံရှိ မူလတန်းကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ရာတွင် အနည်းဆုံး လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်အတွက် အမေရိကန်တွင် ကနဦးတာဝန်ရှိကြောင်း လက်ရှိလုပ်ဆောင်နေသည့် စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုက တွေ့ရှိခဲ့သည်ဟု New York Times သတင်းဌာန က ဖော်ပြခဲ့သည်။ သေဆုံးသူအများစုမှာ ကလေးငယ်များ ဖြစ်ကြသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Shajarah Tayyebeh မိန်းကလေးကျောင်းကို Tomahawk ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်သည့် ပထမဆုံးနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအတွင်း အီရန်၏ အဓိကခေါင်းဆောင်ကြီး Ayatollah Ali Khamenei နှင့် အဆင့်မြင့် စစ်ဘက်အရာရှိကြီးများအပြင် ရာနှင့်ချီသော အရပ်သားများလည်း သေဆုံးခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုသည် ယခုအချိန်အထိ ဖြစ်ပွားခဲ့သော စစ်ဆင်ရေးကာလအတွင်း သေဆုံးမှုအများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ (မတ် ၁၁) က ထွက်ပေါ်လာသော NYT ၏ သတင်းတွင် ကနဦး စုံစမ်းစစ်ဆေးမှုများကို သိရှိထားသည့် အမေရိကန် စစ်ဘက်အရာရှိများကို ကိုးကား၍ ဖော်ပြရာ၌ အဆိုပါတိုက်ခိုက်မှုသည် ဒေသတွင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်အဆောက်အအုံ များကို ပစ်မှတ်ထားသည့် ပထမလှိုင်းတိုက်ခိုက်မှုတွင် ပါဝင်နေကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးရေးမှူးများ၏ အဆိုအရ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) မှ အရာရှိများသည် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီ (DIA) ထံမှ ခေတ်မမီတော့သော ပစ်မှတ်အချက်အလက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ အဆိုပါ အဆောက်အအုံမှာ လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုကျော်ကတည်းက စာသင်ကျောင်းအဖြစ် ပြောင်းလဲခဲ့သော်လည်း ထောက်လှမ်းရေးမှတ်တမ်းများတွင် စစ်ဘက်ဆိုင်ရာ နေရာတစ်ခုအဖြစ်သာ သတ်မှတ်ထားဆဲဖြစ်သည်။ သို့သော် အဆိုပါနေရာတွင် အားကစားကွင်း၊ ကလေးငယ်များအတွက် နံရံဆေးရေးပန်းချီများနှင့် တောက်ပစွာဆေးသုတ်ထားသော နံရံများရှိနေသဖြင့် ၎င်းသည် အရပ်သားများ အသုံးပြုရာနေရာဖြစ်ကြောင်း ထင်ရှားသော အထောက်အထားများ ရှိနေခဲ့သည်။
အဆိုပါ ခေတ်မမီသော အချက်အလက်များကို အဘယ်ကြောင့် ပြန်လည်စစ်ဆေးခြင်းမပြုခဲ့သနည်းဟူသော ကနဦးတွေ့ရှိချက်များတွင် Anthropic ၏ Claude ကဲ့သို့သော ဉာဏ်ရည်တု (AI) ကိရိယာအသစ်များကို အသုံးပြုခြင်းသည် အဆိုပါမှားယွင်းမှုအတွက် အဓိကအကြောင်းရင်း ဖြစ်ရန် မဖြစ်နိုင်ကြောင်း သတင်းစာတွင် ရေးသားထားသည်။
ပုံမှန်အားဖြင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်တွင် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးအေဂျင်စီများစွာပါဝင်ပြီး ပစ်မှတ် တစ်ခုချင်းစီကို အတည်ပြုရန် အဆင့်ဆင့်ပြန်လည် သုံးသပ်လေ့ရှိသော်လည်း ပဋိပက္ခတစ်ခု၏ အစောပိုင်းကာလများတွင် ပစ်မှတ် အမြောက်အမြားကို အချိန်တိုအတွင်းလုပ်ဆောင်ရသည့်အခါ၌ ထိုကဲ့သို့သော ဘေးကင်းလုံခြုံရေးဆိုင်ရာ စိစစ်မှုအဆင့်ဆင့်မှာ ချို့ယွင်းပျက်စီး သွားတတ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ကိုးကား၍ NYT က ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
