စပိန်နိုင်ငံက အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးကို ရာသက်ပန်ရုပ်သိမ်းပြီး သံတမန်ဆက်ဆံရေးအဆင့်ကိုလျှော့ချ
စပိန်နိုင်ငံသည် အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးကို ရာသက်ပန် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကို တရားဝင်အဆင့်လျှော့ချလိုက်သည်။
မက်ဒရစ်နှင့် အနောက်ဂျေရုဆလင်တို့ကြား အချိန်ကြာမြင့်စွာ တင်းမာနေခဲ့သော ဆက်ဆံရေးမှာ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။ စပိန်သည် အနောက်နိုင်ငံများထဲတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်လာသည်။ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် က "တစ်ဦးတစ်ယောက်၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့ခြင်း သက်သက် ဖြင့် ကမ္ဘာကြီးအတွက် ဆိုးရွားသည့်ကိစ္စများတွင် ပါဝင်ပတ်သက်သူ (Complicit) ဖြစ်မလာစေရ" ဟု ပြောကြားခဲ့သည်။
အစ္စရေးဆိုင်ရာ သံအမတ်ကြီးရာထူးကို ရပ်စဲလိုက်ကြောင်း အင်္ဂါနေ့ (မတ် ၁၀) တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်ကို စပိန် နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နျူရယ် အယ်လ်ဘာရက်စ်က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးများကောင်စီက အတည်ပြုခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ အနာဂတ်တွင် စပိန်သံရုံးကို သံရုံးယာယီတာဝန်ခံ (Charge d'affaires) အဆင့်ဖြင့်သာ ဦးဆောင်သွားမည်ဖြစ်သည်။
ရာထူးမှရပ်စဲခံလိုက်ရသည့် သံအမတ်ကြီး အနာမာရီယာ ဆာလမွန် ပီရက်ဇ်ကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စပိန်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထိုစဉ်က ဂါဇာတွင် ဟားမက်ကို တိုက်ခိုက်နေသည့် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို အထောက်အကူပြုမည့် လက်နက်များ တင်ဆောင်သော သင်္ဘောနှင့် လေယာဉ်များကို စပိန်က ပိတ်ပင်ခဲ့မှုကြောင့် သံတမန်ရေးရာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပိတ်ပင်မှုကို အစ္စရေးဘက်က ယဟူဒီဆန့်ကျင်ရေး (Anti-Semitic) ဟု ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဟားမက်စစ်သွေးကြွများက အစ္စရေးနိုင်ငံတောင်ပိုင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာသည့်ပဋိပက္ခတွင် အစ္စရေးဘက်က အလွန်အကျွံအင်အားသုံး တုံ့ပြန်မှုကို စပိန် နိုင်ငံက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့သည်။ ထို့အပြင် စပိန်သည် ပါလက်စတိုင်းနိုင်ငံကိုလည်း သီးခြားလွတ်လပ်သောနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုထားသည်။
အီရန်နိုင်ငံအပေါ်ဆင်နွှဲနေသည့် စစ်ပွဲနှင့်ပတ်သက်၍ မက်ဒရစ်၏ ဝေဖန်မှုများသည် ဝါရှင်တန်နှင့် ဆက်ဆံရေးကိုလည်း တင်းမာစေခဲ့သည်။ အမေရိကန်တို့၏ တိုက်ခိုက်မှုများအတွက် စပိန်နိုင်ငံရှိ ပူးတွဲစစ်ရေးအဆောက်အအုံများကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း စပိန်က ကြေညာခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စပိန်၏ ရပ်တည်ချက်အပြင် နေတိုး (NATO) ၏ ကာကွယ်ရေး အသုံးစရိတ်ပစ်မှတ်ဖြစ်သည့် GDP ၏ 5% အထိ တိုးမြှင့်သုံးစွဲရန် ပျက်ကွက်မှုတို့အတွက် စပိန်နှင့် ကုန်သွယ်ရေးအားလုံးကို ရပ်တန့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သို့သော်လည်း လူသိရှင်ကြား ခြိမ်းခြောက်မှုများရှိနေသော်လည်း အမေရိကန်နှင့် စပိန်တို့ကြားဆက်ဆံရေးမှာ သာမန်အတိုင်းသာ ရှိနေဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာရက်စ်က အင်္ဂါနေ့ (မတ် ၁၀) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဝါရှင်တန်ဘက်မှ မက်ဒရစ်အပေါ်ရန်လိုသည့် မည်သည့်ခြေလှမ်းမျှ လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းက အရိပ်အမြွက် ပြောဆိုခဲ့သည်။ "ဝါရှင်တန်မှာရှိသည့် ကျွန်တော်တို့ရဲ့ သံရုံးဟာ ပုံမှန်အတိုင်းလည်ပတ်နေပြီး ထုံးစံအတိုင်း ရှိသင့်ရှိထိုက်သည့် ဆက်သွယ်မှုတွေအားလုံးကို ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ဆိုသည်။ အလားတူပင် မက်ဒရစ်ရှိ အမေရိကန်သံရုံးနှင့် ပတ်သက်၍လည်း အခြေအနေမှာ ထိုနည်းတူပင်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,