အမေရိကန်တပ်များ ရုပ်သိမ်းမှသာ ငြိမ်းချမ်းရေးရမည်ဟု အီရန် ထိပ်သီးအရာရှိများ သတိပေး၊ သမ္မတထရမ့်က ခြွင်းချက်မရှိ လက်နက်ချရန် တုံ့ပြန်

News Image

  • အမေရိကန်တပ်များ ရုပ်သိမ်းမှသာ ငြိမ်းချမ်းရေးရမည်ဟု အီရန် ထိပ်သီးအရာရှိများ သတိပေး၊ သမ္မတထရမ့်က ခြွင်းချက်မရှိ လက်နက် ချရန် တုံ့ပြန်

အီရန်နှင့် အမေရိကန်တို့ကြားဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ရန်အတွက် အမေရိကန်တပ်ဖွဲ့များ ပါရှန်ပင်လယ်ကွေ့အတွင်းမှ အပြီးအပိုင် ဆုတ်ခွာပေးရန် အီရန်အဆင့်မြင့် အရာရှိကြီးများက တောင်းဆိုလိုက်သည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်၏ အကြံပေးအဖွဲ့ဝင်နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးဟောင်းဖြစ်သူ မိုဆန် ရီဇာအီ (Mohsen Rezaee) က "ပါရှန်ပင်လယ်ကွေ့အတွင်း အမေရိကန် ရှိနေခြင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း မလုံခြုံမှုများကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်း ဖြစ်သည်" ဟု စနေနေ့ (မတ် ၁၄) က အီရန် SNN ရုပ်သံနှင့်အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက အီရန်အနေဖြင့် အမေရိကန်ထံမှ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးအပြည့်အဝရရှိရန်နှင့် ခိုင်မာသောလုံခြုံရေးအာမခံချက်များကိုလည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆိုသည်။

အလားတူပင် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကလည်း ဗုဒ္ဓဟူးနေ့ (မတ်၁၁) တွင် ၎င်း၏ X လူမှုကွန်ရက်မှတစ်ဆင့် စစ်ပွဲအဆုံးသတ်ရန်မှာ အီရန်၏ တရားဝင်အခွင့်အရေးများကို အသိအမှတ်ပြုရန်နှင့် ကျူးကျော်မှုများအတွက် လျော်ကြေးပေးရန် လိုအပ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ အသစ်ခန့်အပ်ခံရသော အမြင့်ဆုံး ခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) သည်လည်း ၎င်း၏ ပထမဆုံးသော လူထုမိန့်ခွန်းတွင် ရန်သူ့ထံမှ လျော်ကြေးများ အရယူသွားမည်ဟု ကတိပြုခဲ့ရာ အီရန် ခေါင်းဆောင်ပိုင်းအားလုံး တင်းမာသော ရပ်တည်ချက်တစ်ခုတည်းကိုသာ ကိုင်စွဲထားကြောင်း တွေ့ရှိရသည်။

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အဆိုပါ တောင်းဆိုချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ၎င်း၏ Truth Social လူမှု ကွန်ရက်စာမျက်နှာတွင် "ခြွင်းချက်မရှိ လက်နက်ချခြင်း (UNCONDITIONAL SURRENDER)" မှလွဲ၍ အီရန်နှင့် မည်သည့် သဘောတူညီချက်မျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ တင်းမာသော သဘောထားများကိုယ်စီရှိနေကြသည့်အတွက် ဒေသတွင်း ပဋိပက္ခများ ပြေလည်ရန်လမ်းစမှာ ပိုမိုခက်ခဲရှုပ်ထွေးနေဆဲဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂