ပုပ်ရဟန်းမင်းကြီး လီယိုက အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်မက်ဆင်နွှဲမှုကို ပြစ်တင်ရှုတ်ချ
ဗာတီကန် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လက်ရှိဖြစ်ပွားနေသော အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏စစ်ပွဲကို ဆန့်ကျင်ပြောကြား လိုက်ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်သည်။ တိုက်ခိုက်မှုဖြင့် တည်ငြိမ်အေးချမ်းမှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံသားတစ်ဦးလည်းဖြစ်သည့် ပုပ်ရဟန်း မင်းကြီးက သတိပေးပြောကြားခဲ့သည်။
ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် တနင်္ဂနွေနေ့ (မတ် ၁၅) က ပြုလုပ်ခဲ့သည့် အပတ်စဉ် Angelus ဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက ယခုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းဒေသရှိ ပြည်သူများ ခံစားနေရသည့် ကြောက်မက်ဖွယ်ကောင်းသော သီတင်းနှစ်ပတ်ကြာ အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။ “စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူနေရပ်ကွက်တွေကိုထိမှန်ခဲ့သည့် တိုက်ခိုက်မှုတွေ အတွင်း ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရသူအားလုံးနှင့်အတူ မိမိ ထပ်တူထပ်မျှ ဆုတောင်းပေးနေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။
စစ်ဆင်ရေး၏ ပထမဆုံးနေ့တွင် အမေရိကန်၏ Tomahawk ခရုစ်ဒုံးကျည် ဟု ယူဆရသော တိုက်ခိုက်မှုတစ်ခုကြောင့် Shajarah Tayyebeh မိန်းကလေးကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး အများစုမှာ ကလေးငယ်များဖြစ်သည့် လူပေါင်း အနည်းဆုံး ၁၇၅ ဦး သေဆုံးခဲ့ရသည်။ ယင်း ဖြစ်ရပ်မှာ ယခုပဋိပက္ခအတွင်း အဆိုးဝါးဆုံး ဖြစ်ရပ်များထဲမှတစ်ခု ဖြစ်သည်။
ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် ရန်လိုတိုက်ခိုက်မှုများကို ရပ်တန့်ကြရန်နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းစများကို ပြန်လည်ဖွင့်လှစ်ကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။ ထို့ပြင် လက်ဘနွန်နိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်၍လည်း ‘အထူးစိုးရိမ်ဖွယ်ရာ အကြောင်းရင်းတစ်ရပ်’ ဟု ၎င်းက မိန့်ကြားခဲ့သည်။ အစ္စရေးနိုင်ငံအပေါ် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း လက်ဘနွန်နိုင်ငံအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည်လည်း အမေရိကန် -အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“တိုက်ခိုက်မှုတွေဟာ ပြည်သူတွေမျှော်လင့်နေကြသည့် တရားမျှတမှု၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးဆီကို ဘယ်တော့မှဦးတည်မှာ မဟုတ်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ရောမ မြို့ရှိ ခရစ်ယာန်ဂိုဏ်းအုပ်နယ်မြေတစ်ခုသို့ သွားရောက်စဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက အငြင်းပွားမှုများကို စစ်မက်ဖြင့် ဖြေရှင်းနိုင်သည် ဟူသော အယူအဆမှာ “အဓိပ္ပာယ်မရှိသော အရာ” (Absurd) ဖြစ်သည် ဟုလည်း ရှုတ်ချပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် ညှိနှိုင်းမှုများစတင်ရန် ဝါရှင်တန်၏ အရှေ့အလယ်ပိုင်းမဟာမိတ်နိုင်ငံများ၏ ကြိုးပမ်းချက် များကို ပယ်ချလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ “ခြွင်းချက်မရှိ အညံ့ခံခြင်း (UNCONDITIONAL SURRENDER) မှလွဲပြီး အီရန်နှင့် မည်သည့်သဘောတူညီချက်မျှ ရှိလာမည်မဟုတ်ပါ” ဟု သမ္မတက မတ်လအစောပိုင်းတွင် Truth Social လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
အီရန်ဘက်ကမူ အမေရိကန်အနေဖြင့် ၎င်း၏တပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းဒေသမှ ရုပ်သိမ်းခြင်းမပြုသရွေ့ ငြိမ်းချမ်းရေးရရှိနိုင်မည် မဟုတ်ကြောင်း ဆက်လက်ရပ်တည်လျက်ရှိသည်။ အီရန်နိုင်ငံ၏ အဓိပတိ အကြံပေးဘုတ်အဖွဲ့ဝင် မိုဆန် ရီဇာအီ (Mohsen Rezaee) က အမေရိကန် ၏ ဒေသတွင်းတပ်စွဲထားမှုသည် “လွန်ခဲ့သည့် နှစ် ၅၀ အတွင်း မလုံခြုံမှုများ၏ အဓိကအကြောင်းရင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
