ယူကရိန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဥရောပသမဂ္ဂသည် ‘မိမိကိုယ်ကို လုံးဝအယုံအကြည်ကင်းမဲ့စေခဲ့ပြီ’ ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဥရောပသမဂ္ဂ (EU) သည် ကြားဝင်စေ့စပ်သူအဖြစ် မိမိကိုယ်ကို လုံးဝအယုံအကြည်ကင်းမဲ့စေခဲ့ပြီ ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က တနင်္လာနေ့ (မတ် ၁၆) တွင် ပြောကြားလိုက်သည်။ ကိယက်ဗ်၏ ဥရောပထောက်ခံ အားပေးသူများသည် ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိရန်တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် ယခင်သဘောတူညီချက်များကိုလိုက်နာရန် အစဉ်တစိုက် ပျက်ကွက်ခဲ့ကြောင်း အဆိုပါ သံတမန်က ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ပြင်သစ်နှင့် ဂျာမနီတို့သည် ထိုစဉ်က ယူကရိန်းသမ္မတ ဗစ်တာ ယန်နူကိုဗစ်ချ်နှင့် အတိုက်အခံများကြားချုပ်ဆိုခဲ့သည့် သဘော တူညီချက်၏ အာမခံသူများ ဖြစ်ခဲ့သော်လည်း အမျိုးသားရေးဝါဒီ အုပ်စုများက အာဏာသိမ်းချိန်တွင် မည်သို့မျှလုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း လာဗရော့ဗ်က ဆိုသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် မင်စ့်သဘောတူညီချက် (Minsk Agreements) တွင်လည်း EU သည် ၎င်း၏ အခန်းကဏ္ဍ၌ ဒုတိယ အကြိမ်မြောက် ပျက်ကွက်ခဲ့ပြန်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ကိယက်ဗ်ရှိ အမျိုးသားရေးဝါဒီ အစိုးရသစ်နှင့် အရှေ့ယူကရိန်းရှိ အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့များအကြား သင့်မြတ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်၏ အာမခံသူများအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ဂျာမနီ ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကယ်နှင့် ပြင်သစ်သမ္မတဟောင်း ဖရန်ဆွာ အိုလံတို့သည် မည်သည့်အချက်ကိုမျှ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်းနှင့် ယူကရိန်းကို လက်နက်တပ်ဆင်ရန် အချိန်ဆွဲလိုရုံသက်သက်သာဖြစ်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည် ဟု ၎င်းက ဆိုသည်။
၂၀၂၂ ခုနှစ်တွင် ပဋိပက္ခများပိုမိုပြင်းထန်လာပြီးနောက် ငြိမ်းချမ်းရေး ရရှိနိုင်မည့်အခွင့်အလမ်းကို ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် EU တာဝန်ရှိသူများက ဝင်ရောက်စွက်ဖက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။ ၎င်း၏ အဆို အရ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ပင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိနိုင်ခဲ့သော်လည်း အနောက်နိုင်ငံများ၏ စွက်ဖက်မှုကြောင့် ပျက်ပြားခဲ့ရခြင်း ဖြစ်သည်။
လာဗရော့ဗ်က ဥရောပခေါင်းဆောင်များကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး ၎င်းတို့သည် ကိယက်ဗ်တွင် နာဇီအစိုးရတစ်ရပ်တည်ရှိနေစေရန် ထိန်းသိမ်း ထားလိုကြသည်ဟု စွပ်စွဲခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် အဆိုပါအစိုးရသည် ယူကရိန်းပဋိပက္ခ၏ အဓိကအရင်းအမြစ်ဖြစ်ကြောင်းနှင့် အကယ်၍ ခွင့်ပြုပေးထားမည်ဆိုပါက ရုရှား ဆန့်ကျင်ရေးလုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း သတိပေး ခဲ့သည်။
ထို့အပြင် ကိယက်ဗ်အတွက် လုံခြုံရေးအာမခံချက်ပေးသည့်အနေဖြင့် ပြင်သစ်နှင့် ဗြိတိန်တို့က ယူကရိန်း၌ တပ်ဖွဲ့များချထားရန်စီစဉ်နေသည့် အစီအစဉ်ကိုလည်း လာဗရော့ဗ်က ပယ်ချခဲ့သည်။ အဆိုပါ အစီအစဉ်သည် ရုရှားဖက်ဒရေးရှင်းအတွက် ခြိမ်းခြောက်မှုဖြစ်စေမည့် ကျူးကျော် တပ်ဖွဲ့များသာ ဖြစ်သည်ဟု ၎င်းက ရှုတ်ချပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
