ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေ

News Image

  • ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေ

ဖေဖော်ဝါရီလကတည်းက တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေးရရှိရန် ပေကျင်းအစိုးရက တိုက်ရိုက်ကြားဝင် စေ့စပ်ပေးနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား လိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တနင်္လာနေ့ (မတ် ၁၆) တွင် X မှတစ်ဆင့် အသိပေးခဲ့သည်။

"နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဖဂန်နစ္စတန်ဆိုင်ရာ အထူး ကိုယ်စားလှယ်အနေဖြင့် အာဖဂန်နှင့် ပါကစ္စတန်နိုင်ငံတွေကြား အသွားအပြန် ညှိနှိုင်းပေးနေသလို၊ တရုတ်သံရုံးတွေကလည်း နှစ်ဖက်စလုံးနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေပါတယ်" ဟု လင်ကျန့်က ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများကြား တင်းမာမှုများလျော့ပါးစေရန်နှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

"အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြဖို့၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ အမြန်ဆုံး ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးကြဖို့၊ အစောဆုံးအခွင့်အရေးမှာ အပစ်အခတ်ရပ်စဲရေးရရှိအောင် လုပ်ဆောင်ဖို့နဲ့ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးရေးက တစ်ဆင့် ဖြေရှင်းကြဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်" ဟု လင်ကျန့် က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အစ္စလာမ္မာဘတ်က "ပွင့်လင်းစစ်ပွဲ" (Open War) ဆင်နွှဲကြောင်း ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံကြား သီတင်းပတ် ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်သည် အနောက်ဘက်အိမ်နီးချင်းနိုင်ငံ၏ မြို့တော် ကဘူးလ်အပါအဝင် နိုင်ငံ အတွင်းပိုင်းအထိ စစ်ရေးနှင့်အခြားအဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။ ယခုကဲ့သို့ ဆက်ဆံရေးတင်းမာရခြင်းမှာ အာဖဂန်နစ္စတန်က ပါကစ္စတန်၏ ကာလရှည်ပြိုင်ဘက်ဖြစ်သော အိန္ဒိယနိုင်ငံနှင့် ပိုမိုထိတွေ့ ဆက်ဆံလာခြင်းကြောင့်လည်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကာတာနှင့် တူရကီတို့ ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားပြီးနောက် တရုတ်နိုင်ငံသည် ယခုလအစောပိုင်းတွင် အာဖဂန်နစ္စတန် သို့ အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံက ၎င်းတို့အား တိုက်ခိုက်နေသည့် Tehreek-e-Taliban Pakistan (TTP) တိုက်ခိုက်ရေးသမားများကို အာဖဂန်နစ္စတန်က ခိုလှုံခွင့်ပေးထားသည် ဟု စွပ်စွဲထားသော်လည်း တာလီဘန်တို့ကမူ ငြင်းဆိုထားသည်။ တရုတ် နိုင်ငံအတွက်မူ အဆိုပါစစ်ပွဲသည် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတစ်ခုသာမကဘဲ ဒေသတွင်းပေါင်းစည်းရေးအတွက် ၎င်းတို့၏ ကျယ်ပြန့်သောမဟာဗျူဟာမြောက်မျှော်မှန်းချက်များအပေါ် တိုက်ရိုက်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

လတ်တလော နယ်စပ်ဖြတ်ကျော်တင်းမာမှုများအတွင်း အာဖဂန် တပ်ဖွဲ့ဝင် ၁,၀၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း အစ္စလာမ္မာဘတ် ဘက်က အခိုင်အမာ ပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂