ပိုလန်နိုင်ငံ EU မှ နုတ်ထွက်နိုင်ခြေအပေါ် ဝန်ကြီးချုပ် Tusk သတိပေး၊ သမ္မတနှင့် အစိုးရအကြား တင်းမာမှုများမြင့်တက်
ပိုလန်ဝန်ကြီးချုပ် Donald Tusk က ၎င်းတို့နိုင်ငံ ဥရောပသမဂ္ဂ (EU) မှ နုတ်ထွက်သွားနိုင်သည့် အခြေအနေသည် " ခြိမ်းခြောက်မှု အစစ်အမှန် " (Real Threat) တစ်ခု ဖြစ်လာနေကြောင်း သတိပေးပြောကြား လိုက်သည်။ အဆိုပါပြောကြားချက်သည် ဥရောပသမဂ္ဂထံမှ ကာကွယ်ရေးကဏ္ဍအတွက် ယူရို ၄၄ ဘီလီယံ ($၅၀ ဘီလီယံ) ခန့်ရှိသော အတိုးနှုန်းသက်သာသည့် ချေးငွေများ ရယူခွင့်ပြုမည့် ဥပဒေကြမ်းကို သမ္မတ Karol Nawrocki က ဗီတိုအာဏာဖြင့် ပယ်ချလိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါချေးငွေများသည် ပိုလန်ပြည်တွင်း လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများကို ထောက်ပံ့ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း သမ္မတက ပယ်ချခဲ့သည့်အတွက် Tusk အစိုးရက အရေးပေါ်အစည်းအဝေးခေါ်ယူကာ သမ္မတ၏ ဗီတိုအာဏာကို ကျော်လွှား၍ SAFE (Security Action for Europe) သဘောတူညီချက်ကို တိုက်ရိုက်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။
Tusk က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သမ္မတနှင့် လက်ယာယိမ်းအတိုက်အခံများသည် “Polexit” (ပိုလန် EU မှ နုတ်ထွက်ရေး) ကို ဦးတည်လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့ပြီး ယင်းလုပ်ရပ်သည် ရုရှားနှင့် အခြားသော EU ဖြိုခွဲလိုသည့် အင်အားစုများ၏ အလိုကျဖြစ်နေကာ ပိုလန်အတွက် ကပ်ဘေးဆိုက်စေနိုင်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
လက်ရှိတွင် ဥရောပနိုင်ငံများသည် ရုရှား၏ ကျူးကျော်လာနိုင်သည့် အန္တရာယ်ကိုအကြောင်းပြ၍ စစ်ဘက်အသုံးစရိတ်များကို တိုးမြှင့်နေကြရာ EU ၏ ယူရို ၈၀၀ ဘီလီယံတန် ReArm Europe အစီအစဉ်နှင့် နေတိုး (NATO) အဖွဲ့ဝင်များ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ 5% အထိ မြှင့်တင်ရန် ကြိုးပမ်းမှုများ ပါဝင်သည်။ သို့သော် ရုရှားဘက်ကမူ ယင်းစွပ်စွဲချက်များကို အခြေအမြစ်မရှိဟု တုံ့ပြန်ထားသည်။
ပိုလန်နိုင်ငံအတွင်း သမ္မတ Nawrocki နှင့် ဝန်ကြီးချုပ် Tusk တို့အကြား နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုသည် ၂၀၂၅ ခုနှစ်အစောပိုင်း ယူကရိန်း စားသောက်ကုန်တင်သွင်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကတည်းက အမြစ်တွယ်နေခဲ့ခြင်းဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
