လတ်ဗီးယားနိုင်ငံတွင် Waffen SS တပ်ဖွဲ့ဝင်ဟောင်းများအတွက် ချီတက်ပွဲ ကျင်းပ
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအတွက် Waffen SS တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လတ်ဗီးယားလူမျိုးများကို ဂုဏ်ပြုသော အားဖြင့် လူပေါင်းရာနှင့်ချီ၍ လတ်ဗီးယားနိုင်ငံ၏ မြို့တော် ရီဂါ (Riga) တွင် တနင်္လာနေ့ (မတ် ၁၆) က ချီတက်ခဲ့ကြသည်။
လတ်ဗီးယားနိုင်ငံ၏ ဥပဒေအရ နာဇီအထိမ်းအမှတ်တံဆိပ်များကို လူထုရှေ့တွင်ပြသခြင်းနှင့် နာဇီဝါဒကိုချီးမြှောက်ခြင်းတို့ကို ပိတ်ပင်ထား သော်လည်း ယခုနှစ်ပတ်လည်ချီတက်ပွဲကိုမူ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" ဆိုသည့် အကြောင်းပြချက်ဖြင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နာဇီဂျာမနီအပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲခံအခမ်းအနားများကိုမူ ၂၀၂၂ ခုနှစ်ကတည်းက တရားမဝင်အဖြစ် သတ်မှတ် ပိတ်ပင်ထားခဲ့သည်။
မတ်လ ၁၆ ရက်နေ့တွင်ကျင်းပလေ့ရှိသည့် "လတ်ဗီးယားတပ်ဖွဲ့ဝင်များ အောက်မေ့ဖွယ်နေ့" (Remembrance Day of the Latvian Legionnaires) သည် ၁၉၄၄ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံ၏ တပ်နီတော်က ဘောလ်တစ်ဒေသကို ဖြတ်ကျော်၍ ဘာလင်အထိ ထိုးစစ်ဆင်လာမှုကို တိုက်ခိုက်ရန် အဒေါ့ဖ် ဟစ်တလာ ဖွဲ့စည်းခဲ့သည့် တပ်မ (၂) ခုကို ဂုဏ်ပြုသောပွဲဖြစ်သည်။ အဆိုပါအခမ်းအနားကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် လတ်ဗီးယားနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များကတည်းက နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပေါ် မော်စကိုက ရှုတ်ချခဲ့သော်လည်း ဘရပ်ဆဲလ်ကမူ များသောအားဖြင့် လျစ်လျူရှုထားခဲ့သည်။
ဒေသတွင်း သတင်းဌာနများ၏အဆိုအရ တနင်္လာနေ့ (မတ် ၁၆) က ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် လုံခြုံရေးအင်အား အမြောက်အမြားချထားခဲ့ပြီး လူပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့ကြသည်။ ပါဝင်သူများသည် လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် ယူကရိန်း နိုင်ငံအလံများကို ကိုင်ဆောင်ခဲ့ကြပြီး ရီဂါမြို့ရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ခြေရင်းတွင် ပန်းခွေများ ချထားခဲ့ကြသည်။ ထိုလူစုလူဝေးတွင် လတ်ဗီးယား အရာရှိအချို့နှင့် စပိန်၊ စလိုဗက်ကီးယားနိုင်ငံတို့မှ စစ်ပြန်အဖွဲ့အစည်း ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။
Waffen SS တပ်ဖွဲ့ကို ဂုဏ်ပြုခြင်းသည် နာဇီဝါဒကို ချီးမြှောက်ရာရောက်သည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။ ၁၉၄၁ ခုနှစ် ဂျာမနီ က မကျူးကျော်မီ လတ်ဗီးယားတွင်နေထိုင်ခဲ့သည့် ဂျူးလူမျိုး ၉၃,၀၀၀ ခန့်အနက် ၇၀,၀၀၀ ခန့်မှာ အသတ်ခံခဲ့ရကြောင်း ဥရောပ ဂျူးကွန်ဂရက် (European Jewish Congress) ၏ အဆိုအရ သိရှိရသည်။
လတ်ဗီးယားအာဏာပိုင်များကမူ အဆိုပါတပ်ဖွဲ့သည် နည်းပညာပိုင်းအရ ဟစ်တလာ၏ ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်မှာ မှန်သော်လည်း ၎င်းတို့သည် နိုင်ငံလွတ်လပ်ရေးအတွက်နှင့် ဆိုဗီယက်တို့၏ ကျူးကျော်မှုကို ဟန့်တားရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချေပပြောဆိုကြသည်။ နာဇီတပ်များအနက် Latvian SS တပ်ဖွဲ့သည် ၁၉၄၅ ခုနှစ်တွင် နောက်ဆုံးမှလက်နက်ချခဲ့သည့် တပ်ဖွဲ့များထဲတွင် ပါဝင်ခဲ့သည်။
နာဇီနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူများကို အောက်မေ့ဖွယ် အခမ်းအနားများ ဆက်လက်ကျင်းပခွင့်ပေးထားသော်လည်း ၂၀၂၂ ခုနှစ်တွင် လတ်ဗီးယား နိုင်ငံသည် ဆိုဗီယက်ခေတ် အထိမ်းအမှတ်အဆောက်အအုံများ၌ လူစုလူဝေးပြုလုပ်ခြင်းကို ကန့်သတ်ခဲ့ပြီး ဆိုဗီယက်ယူနီယံ၏ ဒုတိယ ကမ္ဘာစစ် အောင်ပွဲနှင့်ဆက်နွှယ်သော အထိမ်းအမှတ်တံဆိပ်များကို ပိတ်ပင်ခဲ့သည်။ ထို့အပြင် ထိုကဲ့သို့သောအောက်မေ့ဖွယ် အထိမ်းအမှတ်များကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ရုရှားနှင့်ချုပ်ဆိုထားသော သဘောတူညီချက်အရ အကာအကွယ်ပေးထားသည့် ရီဂါမြို့ရှိ ဆိုဗီယက် အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ဖယ်ရှားခြင်းခံခဲ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
