ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် အနူတင်ချန်ဝီရာကူ ထပ်မံရွေးကောက်တင်မြှောက်ခံရ
ပွမ်ဂျေထိုင်းပါတီမှ အနူတင်ချန်ဝီရာကူသည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက် တင်မြှောက်ခံရကြောင်း သိရသည်။ အောက်လွှတ်တော်ကမတ်လ ၁၉ ရက်တွင်ကျင်းပသော အစည်းအဝေး၌ ချန်ဝီရာကူက လွှတ်တော်အမတ်များ၏ ထောက်ခံမဲအများစုဖြင့် ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလတွင်ကျင်းပသော ရွေးကောက်ပွဲ၌ အမတ်နေရာ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် ပွမ်ဂျေထိုင်းပါတီသည် ဖြူထိုင်းပါတီနှင့် အခြားပါတီငယ်များဖြင့် မဟာမိတ်အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်သည်။
ယခုပြုလုပ်သည့် မဲပေးရွေးချယ်မှုတွင် ချန်ဝီရာကူသည် ထောက်ခံမဲ ၂၉၃ မဲရရှိပြီး ပြိုင်ဘက် ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖောင်ရောပန်ညာဝပ်က ၁၁၉ မဲရရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌဆိုဖွန်ဇာရမ်က ကြေညာသည်။ ထို့နောက်ချန်ဝီရာကူက လွှတ်တော်၌ မိန့်ခွန်းပြောရာ ၎င်းအနေဖြင့် ကိုယ်စားလှယ်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုသာ ဖော်ဆောင်သွားမည်ဟု ပြောသည်။
အနူတင်ချန်ဝီရာကူသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသူဖြစ်ပြီး ဒီဇင်ဘာလတွင် အတိုက်အခံများ၏ အယုံအကြည်မရှိအဆို တင်သွင်းရန် ကြိုးပမ်းမှုကြောင့် လွှတ်တော်ကိုဖျက်သိမ်းကာ ရွေးကောက်ပွဲကျင်းပခြင်း ဖြစ်သည်။ ၎င်းသည် ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး တာဝန်များကိုလည်း ထမ်းဆောင်ဖူးကြောင်း သိရသည်။
Ref: Xinhua
MWD
