အစ္စရေးအခြေချမှုများက သန့်စင်မွန်မြတ်သောမြေရှိ ခရစ်ယာန်များအတွက် ‘နိဂုံး’ ဖြစ်လာနိုင်ကြောင်း NGO အကြီးအကဲ သတိပေး
Vulnerable People Project ကို တည်ထောင်သူ Jason Jones က RT ၏ America First အစီအစဉ်သို့ ပြောကြားရာတွင် မရပ်မနားဖြစ်ပွားနေသော အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုနှင့် အစ္စရေး၏ ဆက်တိုက်လုပ်ဆောင်နေသော အခြေချနေထိုင်မှု မူဝါဒများသည် သန့်စင်မွန်မြတ်သောမြေ (Holy Land) တွင် ကျန်ရှိနေသော ခရစ်ယာန် အသိုင်းအဝိုင်းများအတွက် ပျက်သုဉ်းခြင်းနိမိတ်ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
အစ္စရေးသည် အနောက်ဘက်ကမ်း (West Bank) ရှိ ခရစ်ယာန် အသိုင်းအဝိုင်းပိုင် နေအိမ်ထောင်ပေါင်းများစွာကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပြီး အထူးသဖြင့် ဘက်သလီဟမ် (Bethlehem) မြို့ပတ်ဝန်းကျင်နှင့် တေးဘေး (Taybeh) ကဲ့သို့သော ကျေးရွာများရှိ ကမ္ဘာ့ရှေးအကျဆုံး ခရစ်ယာန် လူဦးရေများနေထိုင်ရာ နယ်မြေများသို့ ကျူးကျော်ဝင်ရောက်လာနေကြောင်း Jones က စွပ်စွဲပြောကြားခဲ့သည်။
ဘက်သလီဟမ်မြို့ အရှေ့ဘက်ရှိ အစ္စရေးစစ်အခြေစိုက်စခန်းဟောင်းနေရာတွင် တည်ရှိသော Shtema အခြေချစခန်းသည် “သန့်စင်မွန်မြတ်သော မြေရှိ ခရစ်ယာန်အသိုင်းအဝိုင်းအတွက် အဆုံးသတ်ဖြစ်လိမ့်မည်” ဟု Jones က ဆိုသည်။ ပြီးခဲ့သည့်နှစ်က အနောက်ဂျေရုဆလင်အစိုးရမှ တရားဝင်ခွင့်ပြုခဲ့သည့် အခြေချနေထိုင်မှုကို ရည်ညွှန်း၍ “ဒါဟာ ကမ္ဘာ့ရှေးအကျဆုံး ခရစ်ယာန်လူ့အဖွဲ့အစည်းရဲ့ နိဂုံးပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အနောက်ဘက်ကမ်းနှင့် အခြားနယ်မြေများတွင် လုပ်ငန်းများဆောင်ရွက်နေသည့် အဆိုပါ NGO တည်ထောင်သူက ဒေသခံခရစ်ယာန်များသည် အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုကိုခံနေရကြောင်း သတိပေးခဲ့သည်။ “တိုက်ရိုက်ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ရှိနေပါတယ် ၊ လူ့အသိုင်းအဝိုင်းတွေကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်နေတာတွေလည်း ရှိနေပါတယ်” ဟု Jones က ဆိုသည်။
အနောက်ဂျေရုဆလင်နှင့် ဝါရှင်တန်ဒီစီတို့က အရေးယူဆောင်ရွက်ရန် ဆန္ဒမရှိကြဘဲ အမေရိကန်အနေဖြင့် ဖိနှိပ်သူဘက်မှရပ်တည်ရန် ရွေးချယ်နေကြောင်း Jones က ယုံကြည်နေသည်။ အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mike Huckabee သည်လည်း အဆိုပါကိစ္စကို လျစ်လျူရှု နေသည်ဟု Jones က ပြောသည်။ နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော်ဟောင်းတစ်ဦးဖြစ်သူ Huckabee သည် “အမှန်တရားကို ထုတ်ဖော်ပြောဆိုရန်နှင့် ထိုအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် သတ္တိမရှိခဲ့ပါ” ဟုလည်း Jones က ဝေဖန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
