Homeland Security ဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ Markwayne Mullin ဆီးနိတ်ကြားနာပွဲတွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့်ပတ်သက်၍ အကြိတ်အနယ် မေးမြန်းခံရ

News Image

  • Homeland Security ဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ Markwayne Mullin ဆီးနိတ်ကြားနာပွဲတွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် ပတ်သက်၍ အကြိတ်အနယ် မေးမြန်းခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Homeland Security ဌာန ဝန်ကြီးအဖြစ် ရွေးချယ်ထားသူ Markwayne Mullin သည် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က ပြုလုပ်ခဲ့သည့် ဆီးနိတ်အတည်ပြုချက် ကြားနာပွဲတွင် ၎င်း၏ ရှေ့ဆောင်ဖြစ်သူ (ရာထူးမှ ထုတ်ပယ်ခံရသူ) Kristi Noem နှင့် သဘောထားချင်း မတူညီကြောင်းပြသခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး မူဝါဒများနှင့်ပတ်သက်၍ ပြင်းထန်သော မေးမြန်းစစ်ဆေးမှုများကို ရင်ဆိုင်ခဲ့ရသည်။

အိုကလာဟိုးမားပြည်နယ် အထက်လွှတ်တော်အမတ် Mullin သည် ဆီးနိတ် Homeland Security ကော်မတီရှေ့မှောက်သို့ရောက်ရှိစဉ် ကော်မတီဥက္ကဋ္ဌဖြစ်သူ ရစ်ပတ်ဘလီကန်အမတ် Rand Paul နှင့် အကြိမ်ကြိမ် အချေအတင်ဖြစ်ပွားခဲ့သည်။ Mullin နှင့် နှစ်ရှည်လများ ဆက်ဆံရေးတင်းမာခဲ့သည့် Rand Paul က သုံးနာရီကြာ ကြားနာပွဲအပြီးတွင် သတင်းထောက်များကိုပြောကြားရာ၌ ထရမ့်၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို တာဝန်ယူရမည့် အမိမြေလုံခြုံရေးဌာနကို ဦးဆောင်ရန် Mullin အား အဆိုပြုထားမှုအပေါ် မိမိအနေဖြင့် ကန့်ကွက်မဲပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ ဆီးနိတ်ကော်မတီတွင် ရစ်ပတ်ဘလီကန်အမတ် ၈ ဦးနှင့် ဒီမိုကရက်တစ်အမတ် ၇ ဦးဖြင့် ဖွဲ့စည်းထားပြီး Mullin ၏ အမည်စာရင်းကို အတည်ပြုချက်ရယူရန် ဆီးနိတ်လွှတ်တော်အစည်းအဝေးသို့ တင်ပြနိုင်ရေးအတွက် ကော်မတီအတွင်း ရိုးရိုးအများစုမဲ (Simple Majority) ရရှိရန် လိုအပ်မည်ဖြစ်သည်။

အိုကလာဟိုးမားပြည်နယ် အထက်လွှတ်တော်အမတ် Mullin က ကင်တပ်ကီ ပြည်နယ်အထက်လွှတ်တော်အမတ် Paul အပေါ် ယခင်က ပြောကြားခဲ့ဖူးသည့် မှတ်ချက်များနှင့်ပတ်သက်၍ Paul က ထိပ်တိုက် ရင်ဆိုင်မေးမြန်းခဲ့ခြင်းကြောင့် ကြားနာပွဲမှာ စတင်သည်နှင့်တစ်ပြိုင်နက် အခြေအနေတင်းမာခဲ့သည်။

ခန္ဓာကိုယ် ထွားကျိုင်းသန်မာသူ အသက် ၄၈ နှစ်အရွယ် နပန်းသမားဟောင်း နှင့် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား (MMA) ဟောင်းဖြစ်သူ Mullin သည် Paul ကို "မြွေပွေး" ဟု တစ်ကြိမ်က ခေါ်ဆိုခဲ့ဖူးသကဲ့သို့ ၂၀၁၇ ခုနှစ်အတွင်းက Paul သည် အိမ်နီးချင်းဖြစ်သူ၏ တိုက်ခိုက်မှုကို အဘယ်ကြောင့် ခံခဲ့ရသည်ကို "နားလည်ပေးနိုင်ကြောင်း" ပြောကြားခဲ့ဖူးသည်။

"ကျွန်တော် အဲဒီလို အတိုက်ခိုက်ခံရတာနဲ့ ထိုက်တန်တယ်လို့ ခင်ဗျားဘာကြောင့် ထင်ရတာလဲဆိုတာ ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောစမ်းပါ" ဟု Paul က Mullin ကို မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ "ဒါတင်မကသေးဘူး၊ ဒေါသကို မထိန်းချုပ်နိုင်သည့် သူတစ်ယောက်ဟာ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး အေးဂျင့်တွေအတွက် ဘာကြောင့် စံနမူနာကောင်း ဖြစ်သင့်တယ်ဆိုတာကိုလည်း အမေရိကန် ပြည်သူလူထု သိအောင် ရှင်းပြပေးပါဦး" ဟု ဆိုခဲ့သည်။

"မိမိရဲ့ နိုင်ငံရေးပြိုင်ဘက်အပေါ် အကြမ်းဖက်မှုကို ထောက်ခံအားပေးသည့် သူတစ်ယောက်ဟာ အင်အားသုံးမှုနဲ့ ပတ်သက်လို့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ ရုန်းကန်နေရသည့် ဌာနတစ်ခုကို ဦးဆောင်ဖို့ သင့်တော်သူ ဟုတ်၊ မဟုတ် ကျွန်တော် သံသယဖြစ်မိတယ်" ဟု Paul က ပြောကြားခဲ့သည်။

Mullin ကမူ ၎င်း၏ အတိတ်က ပြောဆိုချက်များအတွက် Paul ကို တောင်းပန်ရန် ငြင်းဆိုခဲ့ပြီး ၎င်း၏အိမ်နီးချင်းမှ တိုက်ခိုက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ "ဘယ်သူမဆို ရုတ်တရက် အလစ်အငိုက် အတိုက်ခိုက်ခံရတာမျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်" ဟု တုံ့ပြန်ခဲ့သည်။ "ကျွန်တော်က အဲဒီတိုက်ခိုက်မှုကို ထောက်ခံတယ်လို့ မပြောခဲ့ပါဘူး၊ နားလည်တယ်လို့ပဲ ပြောခဲ့တာပါ ၊ အဲဒါက ကွာခြားမှု ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

သမ္မတ ထရမ့်ကို အခိုင်အမာထောက်ခံသူဖြစ်သည့် Mullin သည် အမေရိကန် အောက်လွှတ်တော်အမတ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်တွင် အိုကလာဟိုးမားပြည်နယ်မှ ဆီးနိတ် အထက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂