ဥရောပခေါင်းဆောင်များ၏ အရည်အသွေးစံနှုန်းနှင့်ပတ်သက်၍ ထရမ့်၏ အမြင်ကို ကရင်မလင်က သဘောတူလက်ခံ

News Image

  • ဥရောပခေါင်းဆောင်များ၏ အရည်အသွေးစံနှုန်းနှင့်ပတ်သက်၍ ထရမ့်၏ အမြင်ကို ကရင်မလင်က သဘောတူလက်ခံ

အနောက်ဥရောပရှိ အချို့သောခေါင်းဆောင်များသည် ဒုတိယ ကမ္ဘာစစ်ခေတ်က ရှေ့ဆောင်ခေါင်းဆောင်ကြီးများ၏ အဆင့်အတန်းကို မမီကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သုံးသပ်ချက်မှာ မှန်ကန်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ် က ပြောကြားလိုက်သည်။ အီရန်၏ တိုက်ခိုက် ခြိမ်းခြောက်မှုများ ရှိနေသည့်ကြားမှ ဟော်မုဇ် ရေလက်ကြားတစ်လျှောက် ရေနံတင်ဆောင်မှုများကို လုံခြုံရေးလိုက်ပါစောင့်ရှောက်ရန် ၎င်း၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည့် ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများအပေါ် သမ္မတ ထရမ့် က အင်္ဂါနေ့ (မတ် ၁၇) တွင် ထပ်မံဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် "လူကောင်းတစ်ဦး" ဖြစ်သော်လည်း "ကံမကောင်းစွာဖြင့် ဝင်းစတန် ချာချီ မဟုတ်ကြောင်း" သမ္မတ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ သမ္မတ ထရမ့်သည် ၎င်း၏ဘဲဥပုံရုံးခန်းအတွင်း၌ ချာချီ၏ ရုပ်တုကို ထားရှိလေ့ရှိသူဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ငြင်းဆိုမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း ထရမ့်က "သူ မကြာခင် ရာထူးက ဆင်းပေးရတော့မှာပါ" ဟု ဖြေကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တွင် ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပက်စ်ကော့ဗ်က ထရမ့်၏ ပြောကြားချက်ကို သဘောတူညီကြောင်း ဖော်ပြခဲ့ပြီး "အမှန်စင်စစ် စတာမာသည် ချာချီ မဟုတ်သကဲ့သို့ မက်ခရွန် သည်လည်း (ချားလ်စ်) ဒီဂေါ မဟုတ်ပေ ၊ ထိုစာရင်းကို ရှည်လျားစွာ ဆက်လက်ဖော်ပြ၍ ရနိုင်ပါသည် ၊ ၎င်းသည် မိမိတို့ ရှင်သန်နေထိုင်နေရသည့် နိုင်ငံရေးလက်တွေ့ဘဝပင်ဖြစ်သည်" ဟု ပြောကြားသွားခဲ့သည်။

မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောများအပေါ် အီရန်၏စစ်ရေးအရ ခြိမ်းခြောက်မှုသည် တီဟီရန်အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းသည့် အမေရိကန်-အစ္စရေး စစ်ပွဲအတွက် စီးပွားရေးအရအဖိုးအခပေးဆောင်ရစေရန်ရည်ရွယ်သည့် ဗျူဟာတစ်ခုဖြစ်သည်။ အမေရိကန် စစ်ဘက်မှ လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးမည်ဟူသော သမ္မတ ထရမ့်၏ ကနဦးကတိကဝတ်များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် သင့်တင့်သောအာမခံကြေး ဝန်ဆောင်မှုများမှာမူ လက်တွေ့ ဖြစ်လာခြင်း မရှိသေးပေ။

ထောက်ပံ့ပို့ဆောင်မှု ကန့်သတ်ချက်များကြောင့် ကမ္ဘာ့အင်အားဖြည့်တင်းရေး (စွမ်းအင်) ဈေးကွက်များသည်လည်း ပိုမိုဖိအားပေးခြင်းခံနေရသည်။ ဝါရှင်တန်၏ အနီးကပ်ဆုံး မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းကြောင့် ပိုမိုကြီးမားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

လက်ရှိ အနောက်ဥရောပခေါင်းဆောင်များ၏ အရည်အချင်းမပြည့်ဝမှုနှင့် အယူဝါဒပိုင်းဆိုင်ရာ ဘက်လိုက်မှုများသည် ၎င်းတို့နိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်စေကြောင်း မော်စကိုက ကာလရှည်ကြာ ဝေဖန် ပြောဆိုခဲ့သည်။ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှု သည် လုပ်ကြံဖန်တီးထားသည့် အကြောင်းပြချက်များအပေါ် အခြေခံထားပြီး အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာတစ်ဝန်းလုံးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုများကို တိုးမြင့်စေသည်ဟု ရုရှားက ပြစ်တင်ရှုတ်ချခဲ့သည်။

အဆိုပါပဋိပက္ခများသည် ဥရောပသမဂ္ဂအတွင်း သဘောထားကွဲလွဲမှုများကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး စပိန်နိုင်ငံက အမေရိကန်၏ လုပ်ရပ်များကို ပြတ်ပြတ်သားသားရှုတ်ချနေချိန်တွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် သမဂ္ဂ ခေါင်းဆောင်များမှာမူ ဝေခွဲမရဖြစ်နေကြသည်။ ဂျာမနီနိုင်ငံ၏ ခေါင်းဆောင် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ထရမ့်က စပိန်နိုင်ငံကို နှုတ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း မာ့ဇ်အနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုရန် ပျက်ကွက်ခဲ့သည့်အပေါ် စပိန် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂