ဖမ်းဆီးထားသော ရေနံတင်သင်္ဘောများ ပြန်လွှတ်ပေးရန် အီရန်က တောင်းဆိုသည်ဆိုသောသတင်းကို အိန္ဒိယ ငြင်းဆို

News Image

  • ဖမ်းဆီးထားသော ရေနံတင်သင်္ဘောများ ပြန်လွှတ်ပေးရန် အီရန်က တောင်းဆိုသည်ဆိုသော သတင်းကို အိန္ဒိယ ငြင်းဆို

ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေး ဆွေးနွေးမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယက ဖမ်းဆီးထားသော ရေနံတင်သင်္ဘော သုံးစင်းကိုပြန်လွှတ်ပေးရန် အီရန်က တောင်းဆိုခဲ့သည်ဟူသော သတင်းကို အိန္ဒိယအစိုးရက ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယ၏ သီးသန့် စီးပွားရေးဇုန်အတွင်း သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို တွေ့ရှိရပြီးနောက် မွန်ဘိုင်းမြို့ အနောက်ဘက် ရေမိုင် ၁၀၀ အကွာတွင် အိန္ဒိယ အာဏာပိုင်များက သင်္ဘောသုံးစင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ (မတ် ၁၇) က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က “ဒီလိုသဘောသဘာဝမျိုး ဆွေးနွေးပြောဆိုတာမျိုး လုံးဝမရှိခဲ့ပါဘူး၊ နောက်ပြီး ခင်ဗျားတို့ရည်ညွှန်းနေသည့် သင်္ဘောသုံးစင်းဟာ အီရန်ပိုင် သင်္ဘောတွေ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော် ပြောချင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်မက်ဖြစ်ပွားမှု စတင်ကတည်းက ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် ရေကြောင်းကုန်သွယ်မှုမှာ ရပ်တန့် လုနီးပါးဖြစ်နေပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက်ခဲ့သည်။

သတင်းများတွင် ဖော်ပြထားသော ရေနံတင်သင်္ဘောများဖြစ်သည့် Asphalt Star ၊ Al Jafzia နှင့် Stellar Ruby တို့မှာ ၎င်းတို့၏ အထောက်အထား များကိုဖုံးကွယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယပိုင်နက်ရေပြင်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောများသည် ပင်လယ်ပြင်အတွင်း တရားမဝင် သင်္ဘောချင်း ရေနံလွှဲပြောင်းမှုများတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းများက ဆိုသည်။ အဆိုပါ သင်္ဘောများသည် လက်ရှိတွင် မွန်ဘိုင်း ကမ်းလွန်၌ ဆိုက်ကပ်ထားကြောင်း Hindustan Times သတင်းစာက ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jaiswal က "ဟော်မုဇ် ရေလက်ကြားဧရိယာမှာ သင်္ဘောအများအပြား ရှိနေဆဲဖြစ်ပါတယ်၊ အဲဒီသင်္ဘောတွေ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရောက်ရှိနိုင်ရေးအတွက် အီရန်အပါအဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံက အိန္ဒိယအလံတင် LPG ရေနံတင်သင်္ဘော နှစ်စင်းကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပေါ်တိုးတက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ကလည်း တနင်္ဂနွေနေ့ (မတ် ၁၅) က Financial Times နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် အရေးပါသော အဆိုပါရေကြောင်းလမ်းကြောင်းမှတစ်ဆင့် အိန္ဒိယသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နှင့် ဆွေးနွေးမှုများမှာ လုပ်ဆောင်ဆဲဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သင်္ဘောများသွားလာလှုပ်ရှားမှုနှင့် ပတ်သက်၍ နယူးဒေလီနှင့် တီဟီရန်တို့အကြား ‘အလုံးစုံလွှမ်းခြုံထားသော သဘောတူညီချက်’ (Blanket arrangement) မျိုးမူ မရှိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂