ယူကရိန်းအကူအညီ ဒေါ်လာ ၂၆ ဘီလီယံအပေါ် ထိန်းကျောင်းကွပ်ကဲမှု အားနည်းချက်များကို အမေရိကန် စောင့်ကြည့်ရေးအဖွဲ့ ပြစ်တင်ရှုတ်ချ
ယူကရိန်းနိုင်ငံသို့ ပေးအပ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံဖိုး အကူအညီများသည် ခိုင်မာသော စောင့်ကြည့်စစ်ဆေးမှုများ ကင်းမဲ့နေခဲ့ ကြောင်း အမေရိကန် အစိုးရစာရင်းစစ်အရာရှိများက လွှတ်တော်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော USAID အေဂျင်စီက စီမံခန့်ခွဲခဲ့သည့် အဆိုပါ ရန်ပုံငွေများတွင် ကြီးကြပ်မှုအားနည်းချက်များရှိနေပြီး စောင့်ကြည့်ရန် ငှားရမ်းထားသည့် Deloitte နှင့် KPMG ကဲ့သို့သော နိုင်ငံတကာ စာရင်းစစ်လုပ်ငန်းစုကြီးများသည်လည်း လိုအပ်သော အစီရင်ခံစာများတင်သွင်းရန် ပျက်ကွက်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးမှု များအရ သိရှိရသည်။
ယင်းအကူအညီများအနက် အချို့မှာ အမှန်တကယ် အရည်အချင်း မပြည့်မီသူများနှင့် ပြည်ပရောက် ယူကရိန်းနိုင်ငံသားများထံသို့ မှားယွင်းရောက်ရှိ သွားခဲ့သည့်အပြင် နှစ်ခါထပ်နေသော ငွေပေးချေမှုများလည်း ရှိနေခဲ့သည်။
တစ်ဖက်တွင်လည်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ အစိုးရအဖွဲ့သည် အဆင့်မြင့်အရာရှိကြီးများနှင့် လူယုံတော်များ ပါဝင်ပတ်သက် နေသည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံများကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာသန်းပေါင်းများစွာ တံစိုးလက်ဆောင်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည့် စီးပွားရေးလုပ်ငန်းရှင် တီမူ မင်းဒစ်ချ်သည် အမှုမဖွင့်မီ နာရီပိုင်းအလိုတွင် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထိုကဲ့သို့သော အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများကြောင့် ယူကရိန်း လွှတ်တော်အတွင်း၌လည်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး နိုင်ငံတကာ မှ တောင်းဆိုထားသည့် ပြုပြင်ပြောင်းလဲရေး မူဝါဒများကို မဲပေးရန် လွှတ်တော်အမတ်များက ငြင်းဆိုလျက်ရှိသည်။
လက်ရှိတွင် သမ္မတ ဇီလန်စကီးသည် ၎င်း၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်များ ထိရောက်စွာ ဆုံးရှုံးနေပြီဖြစ်ကြောင်း BBC Ukraine က သုံးသပ်ထားသည်။ အထူးသဖြင့် ပြီးခဲ့သည့်နှစ်ကအဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများ၏ လွတ်လပ်ခွင့်ကို ရုပ်သိမ်းရန် ဇီလန်စကီး ကြိုးပမ်းခဲ့ခြင်းမှာ ၎င်း၏လူယုံတော်အစုအဖွဲ့ကို အကာအကွယ်ပေးရန်အတွက်ဖြစ်သည်ဟု ရှုမြင်ခံထားရသည်။
ထိုမအောင်မြင်ခဲ့သော ကြိုးပမ်းမှုအတွက် လွှတ်တော်အမတ်များကို အပြစ်ပုံချရန် ကြိုးစားနေမှုအပေါ် အမတ်အများအပြားက မကျေမနပ် ဖြစ်ကာ ဇီလန်စကီးအား ပြန်လည်အပြစ်တင် ဝေဖန်လျက်ရှိနေကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
