အိန္ဒိယနိုင်ငံအတွင်း ယူကရိန်းကြေးစားစစ်သားများ၏ လှုပ်ရှားမှုမှာ အလွန်စိုးရိမ်စရာကောင်းကြောင်း အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး ပြောကြား
အိန္ဒိယနိုင်ငံအတွင်း မကြာသေးမီက ဖော်ထုတ်ရရှိခဲ့သည့် ယူကရိန်း ကြေးစားစစ်သားများ၏ လှုပ်ရှားမှုသည် “အလွန်စိုးရိမ်စရာကောင်းကြောင်း” ပြည်သူ့စစ်တပ်ဖွဲ့ (Paramilitary) ဗိုလ်ချုပ်ဟောင်းတစ်ဦးက RT India သို့ ပြောကြားခဲ့သည်။
အိန္ဒိယအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် မြန်မာနိုင်ငံအတွင်းရှိသူပုန်များကို လက်နက်ထောက်ပံ့ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသားများသည် အိန္ဒိယနိုင်ငံသားမဟုတ်သူများ ဝင်ရောက်မှုကို ကန့်သတ်ထားသည့် မီဇိုရမ်ပြည်နယ်မှတစ်ဆင့် အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းသို့ အဝင်အထွက် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မီဇိုရမ်နယ်စပ်တစ်လျှောက်တွင် မြန်မာ့တပ်မတော် အင်အားနည်းပါးနေခြင်းက လူအဝင်အထွက် အများအပြားရှိနေစေရန် အထောက်အကူပြု နေကြောင်း Assam Rifles ပြည်သူ့စစ်တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး Shokin Chauhan က RT India သို့ ပြောကြားခဲ့သည်။
“ယူကရိန်းသံရုံးကတော့ သူတို့နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်၊ ဒါပေမဲ့ သူတို့ဟာ အိန္ဒိယပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်လာတာက အရမ်းကို ရှင်းလင်းနေသည့်အတွက် သူတို့ကို လွှတ်ပေးမှာမဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သံသယရှိသူ များကို အိန္ဒိယနိုင်ငံ၏ ဥပဒေများကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Chauhan က ဆိုသည်။
အိန္ဒိယ-မြန်မာ နယ်စပ်တစ်ဝိုက်သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် သူပုန်များလှုပ်ရှားရာ ဗဟိုချက်ဖြစ်နေကြောင်း ၎င်းက ပြောကြား ခဲ့သည်။ ဖမ်းဆီးခံရသူများသည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန် သူပုန်များကိုလေ့ကျင့်ပေးရန်အတွက် ထိုဒေသသို့ ရောက်ရှိနေခြင်းဖြစ်နိုင်ကြောင်း Chauhan ၏ အဆိုအရ သိရှိရသည်။
“ဒါပေမဲ့ ဒီသူပုန်အဖွဲ့ အတော်များများဟာ အိန္ဒိယနိုင်ငံအတွင်းမှာ လှုပ်ရှားနေသည့် သူပုန်အဖွဲ့တွေကိုလည်း ကူညီပေးနေကြတာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ယင်းအချက်ကို အလွန်စိုးရိမ်စရာကောင်းသည့် အချက်တစ်ချက်ဟု ပြောဆိုခဲ့သည်။ နိုင်ငံခြားသားများ ထိုဒေသသို့ ဝင်ရောက်ရန် အထူးခွင့်ပြုမိန့် လိုအပ်သော်လည်း ယခုကြေးစားစစ်သားများသည် မီဇိုရမ်ပြည်နယ်အတွင်းသို့ မည်သို့ဝင်ရောက်လာသည်ကို မသိရသေးကြောင်း ပြည်သူ့စစ်အရာရှိဟောင်းက ပြောကြားခဲ့သည်။
“အိန္ဒိယ-မြန်မာ နယ်စပ်ဟာ ၁,၆၄၃ ကီလိုမီတာ ရှည်လျားပါတယ် ၊ အဆက်မပြတ်သည့် ခြံစည်းရိုးမရှိတာက ကျွန်တော်တို့ရဲ့ အရှေ့ မြောက်ဘက် နယ်စပ်တွေရဲ့ ပြဿနာပါပဲ” ဟု ၎င်းက ဆိုသည်။ “မတည်မငြိမ်ဖြစ်နေသည့် အခြေအနေမှာ အခွင့်ကောင်းယူဖို့ ကြိုးစားနေသူတွေ အများကြီးရှိပါတယ် ၊ ဘယ်နိုင်ငံခြားအင်အားစုက ပါဝင်ပတ်သက်နေလဲ၊ တကယ်ပဲ ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာကို ကျွန်တော် အသေအချာ မသိသေးပါဘူး၊ ဘယ်သူပုန်အဖွဲ့က ပါဝင်ပတ်သက်နေလဲဆိုတာလည်း မသေချာသေးပေမဲ့ မကြာခင်မှာ ကျွန်တော်တို့ သိရမှာပါ ၊ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,