သေနတ်သံများ ငြိမ်သက်သွားမှသာ ဂျာမနီနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းကိစ္စများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဟု Merz ပြောကြား
ဂျာမနီနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ရပ်တန့်သွားချိန်မှသာ ပါဝင်ပတ်သက်သွားမည် ဖြစ်ကြောင်း ဂျာမန်ဝန်ကြီးချုပ် Friedrich Merz က ကြာသပတေးနေ့ (မတ် ၁၉) တွင် ပြောကြားခဲ့သည်။ "သေနတ်သံတွေ ငြိမ်သက်သွားမှသာ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်သလို၊ ဆောင်ရွက်နိုင်စွမ်းလည်း ရှိမှာပါ" ဟု အရှေ့အလယ်ပိုင်းတွင် အရှိန်အဟုန်မြင့်လာသည့် စစ်ပွဲအခြေအနေများကိုဆွေးနွေးရန် ဥရောပခေါင်းဆောင်များစုဝေးရာ ဘရပ်ဆဲလ်မြို့ တွင် သတင်းထောက်များကို ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျာမနီ၏ မည်သည့်ပါဝင်ပတ်သက်မှုမျိုးမဆို အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်သွားမည်ဟု Merz က ဆိုသည်။ "ပင်လယ်ရေကြောင်း လမ်းကြောင်းတွေဖွင့်လှစ်တာနဲ့ အဲဒီလမ်းကြောင်းတွေကို ရှင်းလင်းအောင်ထားရှိတာတွေ အပါအဝင်ကျွန်တော်တို့ အများကြီးလုပ်ဆောင်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့်အချိန်မှာတော့ ဒါကို မလုပ်ဆောင်ပါဘူး ၊ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားမှသာ ကျွန်တော်တို့ လုပ်ဆောင်မှာပါ" ဟု ဝန်ကြီးချုပ် က ရှင်းလင်းပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီး အီရန်က ဟော်မုဇ် ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့လိုက်သည့်ကိစ္စတွင် အမေရိကန်၏ မဟာမိတ်များက ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ပြောဆိုခဲ့ပြီးနောက် Merz ၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၏ မဟာမိတ်များသည် အဆိုပါရေလက်ကြားမှတစ်ဆင့် ရေနံများရရှိနေခြင်းဖြစ်သောကြောင့် ယင်းလမ်းကြောင်းကို တာဝန်ယူ စောင့်ရှောက်ရန်တာဝန် ရှိကြောင်း ထရမ့်က ပြောကြားထားသည်။
ဥရောပနိုင်ငံများမှာမူ ယနေ့အထိ ထရမ့်၏ အကူအညီတောင်းခံမှုများကို ငြင်းဆန်နေဆဲဖြစ်သည်။ ဂျာမနီအနေဖြင့် ထိုဒေသသို့ စစ်ရေးအရ ဖြန့်ကြက်ချထားရန်မစဉ်းစားမီ ရှေ့တွင် လုပ်ဆောင်ရမည့် အဆင့်များစွာ ကျန်ရှိနေသေးကြောင်းနှင့် လက်ရှိတွင် ၎င်းတို့၌ မရှိသေးသည့် နိုင်ငံတကာ၏ လုပ်ပိုင်ခွင့်အမိန့် (International Mandate) လိုအပ်ကြောင်း Merz က ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
