ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြားတွင် ထရမ့်အစိုးရ တာဝန်ရှိသူများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ တွေ့ဆုံမည်

News Image

  • ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြားတွင် ထရမ့်အစိုးရ တာဝန်ရှိသူများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ တွေ့ဆုံမည်

ဒုတိယသမ္မတ JD Vance ၊ စွမ်းအင်ဝန်ကြီး Chris Wright နှင့် ပြည်ထဲရေးဝန်ကြီး Doug Burgum တို့သည် ယခုသီတင်းပတ်အတွင်းကျင်းပမည့် အမေရိကန်ရေနံအသင်း (API) ၏ အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းက CNN သို့ အတည်ပြု ပြောကြားခဲ့သည်။

API ပြောရေးဆိုခွင့်ရှိသူ Andrea Woods က “ကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် စိတ်ချရသောစွမ်းအင်ထောက်ပံ့မှုရရှိရေးအတွက် အမေရိကန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ အခန်းကဏ္ဍကိုဆွေးနွေးရန် ဒုတိယသမ္မတ Vance ၊ ပြည်ထဲရေးဝန်ကြီး Burgum ၊ စွမ်းအင်ဝန်ကြီး Wright တို့ အပါအဝင် လွှတ်တော်တွင်း ပါတီစုံခေါင်းဆောင်များနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားရန် မိမိတို့ မျှော်လင့်ထားပါသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ကုန်သွယ်ရေးအသင်းသည် ၎င်း၏ နှစ်ပတ်လည် မတ်လ အစည်းအဝေးကို ဝါရှင်တန်ဒီစီတွင်ကျင်းပလေ့ရှိပြီး အစည်းအဝေးအစီအစဉ်နှင့် ဖိတ်ကြားမည့် ဧည့်သည်တော်များကို လပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါတွေ့ဆုံမှုသည် အီရန်စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန်နှင့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေး အတွက် အခြားနိုင်ငံများ၏ အကူအညီရယူရန် ထရမ့်အစိုးရက ရုန်းကန် နေရချိန်တွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ အစ္စရေးက အီရန်၏ ဓာတ်ငွေ့တွင်းများကို တိုက်ခိုက်ခြင်းနှင့် အီရန်က ကာတာနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့် က အီရန်၏အကြီးဆုံး ဓာတ်ငွေ့တွင်းကို ‘အကြီးအကျယ် ဗုံးကြဲဖျက်ဆီးပစ်မည်’ ဟု မတ်လ ၁၈ ရက်နေ့ ညက ခြိမ်းခြောက်ခဲ့သည်။

ယမန်နေ့ကပင် ဒုတိယသမ္မတ Vance က စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကို ပြဿနာတစ်ရပ်အဖြစ် အစိုးရကအသိအမှတ်ပြုကြောင်း ပြောကြားခဲ့သော်လည်း ၎င်းမှာ လာမည့်သီတင်းပတ် အနည်းငယ်အတွင်း ပြေလည်သွားမည့် ယာယီဖြစ်စဉ်သာဖြစ်သည်ဟု ဆိုခဲ့သည်။

ထို့အပြင် ဈေးနှုန်းများလျှော့ချနိုင်ရန်အတွက် မူဝါဒဆိုင်ရာ အပြောင်းအလဲများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Vance က အရိပ်အမြွက် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန် တစ်နိုင်ငံလုံး၏ ပျမ်းမျှစက်သုံးဆီဈေးနှုန်းမှာ တစ်ဂါလန်လျှင် ၃.၅၉ ဒေါ်လာမှ ၃.၈၈ ဒေါ်လာအထိ မြင့်တက်သွားခဲ့သည်။

ကိုးကား- CNN

Photo: AOL.com

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂