အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုများအပေါ် စိုးရိမ်ပူပန်မှုများရှိနေစဉ် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဥရောပ ခေါင်းဆောင်များ တိုက်တွန်း

News Image

  • အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုများအပေါ် စိုးရိမ်ပူပန်မှုများရှိနေစဉ် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဥရောပ ခေါင်းဆောင်များ တိုက်တွန်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေရှည်တွင် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများရှိလာနိုင်သည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည့်အတွက် ဥရောပ ခေါင်းဆောင်များက အမေရိကန်နှင့် အီရန်နိုင်ငံတို့အား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းနှိုးဆော်လိုက်ကြသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံရှိ South Pars သဘာဝဓာတ်ငွေ့သိုက် ထိမှန်ခဲ့ပြီးနောက် အီရန်ကလည်း ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ရှိ စွမ်းအင် ဆိုင်ရာ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ခဲ့ရာမှ ပဋိပက္ခမှာ အရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကြာသပတေးနေ့ (မတ် ၁၉) က ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂ (EU) ဆွေးနွေးပွဲမတိုင်မီ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံတကာအသိုက်အဝန်းကို ခြိမ်းခြောက်နေသည့် မဆင်မခြင်လုပ်ရပ်များကြောင့် အခြေအနေတင်းမာလာမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ အရှေ့အလယ်ပိုင်း၏ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍများပါ ပျက်စီးသွားပါက အဆိုပါစစ်ပွဲသည် ပိုမိုကြီးမားပြီး ရေရှည်တည်တံ့သော ရိုက်ခတ်မှုများရှိလာလိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။ မက်ခရွန်က အမေရိကန်နှင့် အီရန်တို့ တိုက်ရိုက်ဆွေးနွေးကြရန်တောင်းဆိုခဲ့ပြီး ‘လူတိုင်း သတိတရားဝင်လာကြရန်’ မိမိဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ကာဂျာ ကာလက်စ်ကလည်း ကာတာ နိုင်ငံအပေါ် အီရန်၏ တိုက်ခိုက်မှုများသည် ပိုမိုရှုပ်ထွေးမှုကို ဖြစ်စေကြောင်း ပြောကြားခဲ့ပြီး "ကျွန်မတို့ လိုအပ်နေတာက ဒီစစ်ပွဲကနေ ထွက်ပေါက်ရှာဖို့ဖြစ်ပြီး အခြေအနေကို ပိုဆိုးအောင်လုပ်ဖို့မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်" ဟု ဆိုသည်။ ထို့ပြင် ရုရှားသည် အရှေ့အလယ်ပိုင်းစစ်ပွဲမှ အကျိုးအမြတ်ရရှိနေသည်ဟု ဆိုကာ ယူကရိန်း ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခကြား ဆက်နွှယ်မှုများကိုလည်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

EU ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် က သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ သီးသန့်ဆက်သွယ်မှုများအရ အမေရိကန် သမ္မတသည် စစ်ရေးလှုပ်ရှားမှုများကိုရပ်တန့်ရန် အသင့်ရှိနေကြောင်း အရိပ်အယောင်ပြသည်ဟု ပြောကြားခဲ့သည်။ တိုက်ပွဲများအဆုံးသတ်ရန် ထရမ့်၏ ပြင်ဆင်ထားမှုအပေါ် မာ့ဇ်က အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးကမူ အမေရိကန်နှင့် နေတိုးမဟာမိတ်များအကြား ဟော်မုဇ်ရေလက်ကြားလုံခြုံရေးကိစ္စကို ဦးစားပေးဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂