အီရန်အရေးနှင့်ပတ်သက်၍ ထရမ့်ကို လမ်းမှားအောင်လုပ်ဆောင်ခဲ့သည် ဟူသော စွပ်စွဲချက်များအပေါ် နေတန်ယာဟု ငြင်းဆို
အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသောစစ်ပွဲသည် ရက်သတ္တသုံးပတ်မြောက်သို့ ရောက်ရှိလာသော်လည်း ရပ်တန့်မည့်အရိပ်အယောင် မရှိသေးသည့် အခြေအနေတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကအမေရိကန်အား စရိတ်စကကြီးမားသည့် အဆိုပါစစ်ပွဲအတွင်းသို့ဆွဲသွင်းခဲ့သည်ဟူသော စွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုလိုက်သည်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အီရန်အပေါ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းသည် အမေရိကန်သမ္မတ ထရမ့်အနေဖြင့် အစ္စရေးအတွက် အဆုံးမရှိသောစစ်ပွဲ (Forever War) တစ်ခုကို ဆင်နွှဲပေးနေခြင်းဖြစ်သည်ဟု ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်အချို့က ဝေဖန်နေကြသည်။ အထူးသဖြင့် အမေရိကန် အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲဟောင်း ဂျိုးကန့်က ထရမ့်နှင့် ၎င်း၏ အဖွဲ့သည် သြဇာကြီးမားသော အစ္စရေးလော်ဘီများ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည်ဟု ဆိုသည်။
သို့သော်လည်း ဝန်ကြီးချုပ် နေတန်ယာဟုက ကြာသပတေးနေ့ (မတ် ၁၉) သတင်းစာရှင်းလင်းပွဲတွင်တုံ့ပြန်ရာ၌ သမ္မတထရမ့်သည် မည်သူ့ခိုင်းစေချက်ကိုမျှ လုပ်ဆောင်မည့်သူမျိုးမဟုတ်ဘဲ အမေရိကန်အတွက် အကောင်းဆုံးဖြစ်မည့်အရာကိုသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တားဆီးရန်လိုအပ်သည်ကို ထရမ့်က ကိုယ်တိုင်နားလည်ပြီးသားဖြစ်ပြီး ၎င်းအနေဖြင့် မည်သူ့ကိုမျှ လမ်းမှားအောင် (သို့မဟုတ်) အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အခိုင်အမာဆိုသည်။ ၎င်းတို့ နှစ်ဦး၏ မိတ်ဖက်ဖြစ်တည်မှုသည်သာ ကပ်ဘေးဆိုက်စေမည့် အခြေအနေများကို ရှောင်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း လည်း နေတန်ယာဟုက ဖြည့်စွက်ပြောဆိုခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် အက်ကြောင်းအချို့ ပေါ်ပေါက်လာနေသည်။ ဗုဒ္ဓဟူးနေ့ (မတ် ၁၈) က အီရန်၏ South Pars သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေး က တိုက်ခိုက်ခဲ့ခြင်းအပေါ် ထရမ့်က Truth Social မှတစ်ဆင့် ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်မှာ ဒေါသအလျောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အရိပ်အယောင်ပြ ပြောဆိုခဲ့သည်။
အဆိုပါပဋိပက္ခကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို အနောက်နိုင်ငံသင်္ဘောများ ဖြတ်သန်းခွင့်ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ ထိုးတက်နေပြီး အီရန်အတွင်း လူထုအုံကြွမှုဖြစ်အောင် ဖန်တီးမည့် အမေရိကန်-အစ္စရေးတို့၏ အစီအစဉ်မှာလည်း အီရန် ခေါင်းဆောင် များ အသတ်ခံရသော်လည်း အောင်မြင်မှုမရရှိဘဲ ဖြစ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
