ဟော်မုဇ်ရေလက်ကြား မကြာမီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အမေရိကန်နှင့် အီရန် ပူးတွဲထိန်းချုပ်မည်ဟု သမ္မတထရမ့် ပြောကြား

News Image

  • ဟော်မုဇ်ရေလက်ကြား မကြာမီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အမေရိကန် နှင့် အီရန် ပူးတွဲထိန်းချုပ်မည်ဟု သမ္မတထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့အရေးပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို မကြာမီအချိန်အတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းနှင့် အဆိုပါဒေသကို အမေရိကန်နှင့် အီရန်တို့ ပူးတွဲထိန်းချုပ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့ (မတ် ၂၃) တွင် CNN သတင်းဌာနသို့ ထုတ်ဖော် ပြောကြားခဲ့သည်။ အီရန်နိုင်ငံနှင့် လုပ်ဆောင်နေသော ဆွေးနွေးမှုများမှာ အရှိန်အဟုန် ဖြင့် ဆက်လက်ဖြစ်ပေါ်နေပြီး ယင်းဆွေးနွေးမှုများအဆင်ပြေပါက ရေလက်ကြား ပြန်လည်ပွင့်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အနာဂတ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထရမ့်က "ကျွန်တော်ရယ်၊ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ (Ayatollah) ရယ်၊ ဘယ် အယာတိုလာ ဖြစ်ပါစေ သူတို့နဲ့ ပူးတွဲထိန်းချုပ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပဋိပက္ခ၏ အစောပိုင်းကာလ တိုက်ခိုက်မှုများကြောင့် အီရန် ထိပ်တန်းခေါင်းဆောင်ပိုင်း အများအပြား ဖယ်ရှားခံခဲ့ရမှုကို ရည်ညွှန်းလျက် အီရန်တွင် အစိုးရအပြောင်းအလဲ (Regime Change) မှာ အလိုအလျောက် ဖြစ်ပေါ်နေပြီဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း သမ္မတထရမ့်က လက်ရှိတွင် မိမိတို့အနေဖြင့် အလွန် ကျိုးကြောင်းဆီလျော်ပြီး ခိုင်မာသည့်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များသည် အီရန်နိုင်ငံအတွင်း လေးစားခြင်းခံရသူများဖြစ်ပြီး ၎င်းတို့ထဲမှတစ်ဦးမှာ အမေရိကန်က မျှော်လင့်နေသည့် ခေါင်းဆောင်သစ်ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြုလုပ်ခဲ့သောဆွေးနွေးမှုများသည် လက်ရှိပဋိပက္ခကို လျှော့ချရန်အတွက် မျှော်လင့်ချက်ကောင်းများ ပေးစွမ်းနေကြောင်းလည်း ၎င်းက အကောင်းမြင် ပြောဆိုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂