အီရန်စွမ်းအင်ကဏ္ဍကို တိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို ထရမ့် ယာယီ ဆိုင်းငံ့ ၊ နိုင်ငံတကာက ဥပဒေကြောင်းအရ တရားမဝင်ကြောင်း သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်ဆိုင်ရာနေရာများကို စစ်ရေးအရ တိုက်ခိုက်မည့်ခြိမ်းခြောက်မှုကို ငါးရက်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မူလက သမ္မတ ထရမ့်သည် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ စွမ်းအင်ကဏ္ဍကို အင်အားသုံး တိုက်ခိုက်မည် ဟု သတိပေးခဲ့ခြင်းဖြစ်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အမေရိကန်အခြေစိုက်စခန်းများရှိရာ ဒေသတွင်းနိုင်ငံများကို ပြန်လည်ပစ်မှတ်ထားမည်ဟုတုံ့ပြန်ခဲ့သဖြင့် တင်းမာမှုများ မြင့်တက်ခဲ့သည်။
သို့သော် နိုင်ငံတကာဥပဒေကျွမ်းကျင်သူများက အရပ်သားပြည်သူများ အတွက် အခြေခံကျသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခြင်း သည် ဥပဒေကြောင်းအရ များစွာပြဿနာရှိကြောင်း ထောက်ပြကြသည်။ ဥပဒေပညာရှင် Craig Jones ၏ အဆိုအရ စစ်ရေးအရ တိုက်ခိုက်မှု တစ်ခုသည် ခိုင်မာတိုက်ရိုက်သော စစ်ရေးအကျိုးအမြတ်ရှိရန် လိုအပ်ရုံ သာမက ထိုအကျိုးအမြတ်သည် အရပ်သားများအပေါ် ကျရောက်မည့် ဆိုးကျိုးထက် ပိုမိုသာလွန်ရမည်ဖြစ်သည့် အချိုးအစားညီညွတ်မှု (Proportionality) ရှိရမည် ဖြစ်သည်။ ထရမ့်၏ ခြိမ်းခြောက်မှုများသည် စစ်ရေးဗျူဟာထက် လက်စားချေသည့် သဘောသက်ရောက်နေသဖြင့် နိုင်ငံတကာဥပဒေ အရ တရားမဝင်နိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။
တစ်ချိန်တည်းမှာပင် Amnesty International နှင့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ben Saul တို့ကလည်း အရပ်ဘက်စွမ်းအင်အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ပြီး "စစ်ရာဇဝတ်မှု" မြောက်နိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးထားကြသည်။ အကယ်၍ ထိုသို့တိုက်ခိုက်ခဲ့ပါက ဆေးရုံများ၊ ရေပေးဝေရေးနှင့် အခြေခံလူနေမှုဘဝများအပေါ် ဆိုးရွားသောဘေးဒုက္ခများ သက်ရောက်နိုင်သည့်အတွက် နှစ်ဖက်စလုံး၏ ခြိမ်းခြောက်မှုများကို လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ရှုတ်ချလျက်ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
