မာကို ရူဘီယိုက အီရန်နိုင်ငံ၏ ခေါင်းဆောင်မှုပိုင်းတွင် အက်ကြောင်းများရှိနေသည်ဟု ပြောကြား
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အမေရိကန်အနေဖြင့် အီရန်နိုင်ငံရှိ မည်သည့်ပုဂ္ဂိုလ်များနှင့် ဆွေးနွေး ညှိနှိုင်းနေသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း အီရန်ခေါင်းဆောင်မှုပိုင်းအတွင်း အက်ကြောင်းများ ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ABC News ၏ Good Morning America အစီအစဉ်တွင် အမေရိကန်သည် ပိုမိုကျိုးကြောင်းဆီလျော်သော အစိုးရသစ်နှင့် ညှိနှိုင်းနေပြီ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်၏ တနင်္လာ (မတ် ၃၀) နေ့အစောပိုင်း လူမှု မီဒီယာပို့စ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် စစ်ပွဲအဆုံးသတ်ရန် အမေရိကန် က မည်သူနှင့်ပူးပေါင်းဆောင်ရွက်နေသည်ကို ရူဘီယိုက ဖြေကြားခြင်း မရှိခဲ့ပေ။
"အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာ ကျွန်တော် ထုတ်ဖော်ပြောမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ကို အီရန်နိုင်ငံအတွင်းက တခြားအုပ်စုတွေနှင့် ပြဿနာတက်အောင်လုပ်သလို ဖြစ်သွားနိုင်လို့ပါ" ဟု ရူဘီယိုက George Stephanopoulos ကို ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "အဲဒီမှာ ပြည်တွင်းရေး အက်ကြောင်းတချို့ ရှိနေပါတယ်၊ အဆုံးသတ်မှာတော့ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကြည့်ပြီး မိမိတို့နိုင်ငံအတွက် လမ်းကြောင်းသစ်တစ်ခုဆီကို ဦးတည်သွားဖို့ ဆန္ဒရှိသည့်သူတွေ အီရန်မှာ ရှိနေမယ်ဆိုရင် ဒါဟာ ကောင်းမွန်သည့်အချက် ဖြစ်ပါလိမ့်မယ်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ရူဘီယိုသည် အဆိုပါ အက်ကြောင်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံ ပြောကြားခြင်းမရှိသော်လည်း အမေရိကန် နှင့် ညှိနှိုင်းနေသူများသည် "သီးသန့်တွေ့ဆုံမှုတွေမှာ မှန်ကန်သည့် စကားရပ်တချို့ကို ပြောဆိုနေကြတယ်" ဟု ဆိုသည်။
"ရှင်းနေတာတစ်ခုကတော့ သူတို့ဟာ ဒါတွေကို သတင်းထုတ်ပြန်ချက်တွေမှာ ထည့်ရေးမှာမဟုတ်သလို ခင်ဗျားတို့ကိုပြောတာ ဒါမှမဟုတ် ကမ္ဘာကိုထုတ်ပြောနေတာတွေဟာ ကျွန်တော်တို့နှင့် ဆွေးနွေးနေသည့် အချက်အလက်တွေနှင့် တူချင်မှတူပါလိမ့်မယ် ၊ ဒါပေမဲ့ အဆုံးမှာတော့ ဒီလူတွေဟာ တကယ်ပဲ အာဏာရှိသည့်သူတွေ ဟုတ်မဟုတ်၊ ကတိပေးထားတာတွေကို တကယ်အကောင်အထည်ဖော်နိုင်မယ့်သူတွေ ဟုတ်မဟုတ် ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ၊ ဒါကို ကျွန်တော်တို့ စမ်းသပ်သွားမှာဖြစ်သလို အခြေအနေကောင်းလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
