ဂျာမနီရောက် ဆီးရီးယားဒုက္ခသည် ၈၀ ရာခိုင်နှုန်းခန့် နေရပ်ပြန်ရမည် ဟု ဝန်ကြီးချုပ် မာ့ဇ် ပြောကြား

News Image

  • ဂျာမနီရောက် ဆီးရီးယားဒုက္ခသည် ၈၀ ရာခိုင်နှုန်းခန့် နေရပ် ပြန်ရမည် ဟု ဝန်ကြီးချုပ် မာ့ဇ် ပြောကြား

ဂျာမနီနိုင်ငံတွင် လက်ရှိရောက်ရှိနေထိုင်ကြသည့် ဆီးရီးယား ရွှေ့ပြောင်းနေထိုင်သူအများစုမှာ လာမည့် ၃ နှစ်အတွင်း ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ကြရမည်ဟု ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ပြောကြားလိုက်သည်။

ပြည်တွင်းစစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမှ ဥရောပသမဂ္ဂအတွင်းသို့ ခိုလှုံခွင့်တောင်းခံသူများ စုပြုံဝင်ရောက်လာမှုသည် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ်ဟောင်း အင်ဂျလာ မာကယ်လ် (Angela Merkel) ၏ နွေးထွေးစွာလက်ခံသော မူဝါဒများကြောင့် ဂျာမနီနိုင်ငံသည် အဓိကဦးတည်ရာနေရာတစ်ခုဖြစ်ခဲ့သည်။ ခန့်မှန်းခြေစာရင်းများအရ ယခုအခါ ဆီးရီးယားနိုင်ငံသား တစ်သန်းနီးပါး ဂျာမနီနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

သို့သော်လည်း ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများ နောက်ပိုင်းနှင့် လက်ရှိတွင် ဂျာမနီလွှတ်တော် (Bundestag) ၏ ဒုတိယ အင်အားအကြီးဆုံး ပါတီဖြစ်လာသော လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေးပါတီ (AfD) ၏ ဖိအားများကြောင့် ဂျာမနီအာဏာပိုင်များသည် ခိုလှုံခွင့် ဆိုင်ရာဥပဒေများကို တဖြည်းဖြည်းချင်း တင်းကျပ်လာခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကာလရှည်အုပ်စိုးခဲ့သော ခေါင်းဆောင် ဘာရှာ အာဆတ် (Bashar Assad) ကို ဖြုတ်ချခဲ့သည့် အစ္စလာမ္မစ် တပ်ဖွဲ့ ခေါင်းဆောင်၊ ဆီးရီးယားသမ္မတ အာမက် အယ်လ်-ရှာရာ (Ahmed al-Sharaa) ကို ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က တနင်္လာနေ့ (မတ် ၃၀) တွင် လက်ခံတွေ့ဆုံခဲ့သည်။

ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မာ့ဇ်က "ဆီးရီးယားနိုင်ငံရဲ့ အခြေအနေတွေဟာ အခြေခံအားဖြင့် တိုးတက်ကောင်းမွန်လာပြီ" ဟု ပြောကြားခဲ့ပြီး၊ ထို့ကြောင့် ဒုက္ခသည်များအပေါ် အကာအကွယ်ပေးထားမှုကို ပြန်လည်သုံးသပ်ရမည်ဟု ဆိုသည်။

"ကျွန်တော်တို့အနေဖြင့် စိတ်ချရသည့် နေရပ်ပြန်ရေးလမ်းစတစ်ခုလိုအပ်ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အလွဲသုံးစားလုပ်သူတွေအတွက် ပထမဦးဆုံး ဆောင်ရွက်ရမှာပါ" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ကျွမ်းကျင်ပညာရှင် ဆီးရီးယား နိုင်ငံသား များသည် ၎င်းတို့၏ မိခင်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အဖိုးတန်သည့် အတွေ့အကြုံများကို ယူဆောင်လာနိုင်လိမ့်မည်ဟုလည်း ဖြည့်စွက် ပြောဆိုခဲ့သည်။

သတင်းထောက်တစ်ဦး၏ အသေးစိတ်မေးမြန်းမှုကို ဖြေကြားရာတွင် မာ့ဇ် က "လာမည့် သုံးနှစ်အတွင်း ဂျာမနီမှာ လက်ရှိနေထိုင်နေသည့် ဆီးရီးယား နိုင်ငံသား ၈၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ရဲ့ မိခင်နိုင်ငံကို ပြန်သင့်တယ်" ဟု ပြောကြားခဲ့သည်။

BBC သတင်းဌာန၏ဖော်ပြချက်အရ သမ္မတ အယ်လ်-ရှာရာက ၎င်း၏ အစိုးရ အနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ‘အလှည့်ကျ ရွှေ့ပြောင်းနေထိုင်မှုပုံစံ’ (Circular Migration Model) တစ်ခုအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ယင်းသည် "ဒီမှာ ဆက်နေချင်သူတွေ အတွက် သူတို့တည်ဆောက်ထားသည့် ဘဝနှင့်တည်ငြိမ်မှုကို လက်မလွှတ်ရဘဲ မိခင်နိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီနိုင်စေမှာဖြစ်တယ်" ဟု ဆိုသည်။

အယ်လ်-ရှာရာက အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေရန် ဆောင်ရွက်မည်ဟု ကတိပြုထားသော်လည်း ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ခရစ်ယာန်များ၊ အာလာဝိုက် (Alawites) များနှင့် ကာ့ဒ် (Kurds) လူမျိုးစုများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် ဘာသာရေး နှင့် လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုများ ပြန်လည်ခေါင်းထောင်လာခြင်း ကြောင့် နာမည်ပျက်လျက်ရှိသည်။

ဆီးရီးယားစစ်ပွဲသည် ၂၀၁၁ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ စတင်ခဲ့ကာ ဘက်ပေါင်းစုံပါဝင်သည့် ပဋိပက္ခအဖြစ်သို့ ကူးပြောင်း သွားခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS သို့မဟုတ် ISIS) သည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း ဆီးရီးယားအရှေ့ပိုင်း အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားခဲ့သည်။

ဆီးရီးယားနိုင်ငံကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့သော အယ်လ်-ရှာရာ ၏ ဟာယတ် တာရီ အယ်လ်-ရှမ် (HTS) အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အယ်လ်ကိုင်းဒါး (Al-Qaeda) အကြမ်းဖက်အုပ်စု၏ ဒေသတွင်းလက်ခွဲဖြစ်သော ဂျာဘတ် အယ်လ်-နူဆရာ (Jabhat al-Nusra) အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် အဆိုပါ အဖွဲ့သည် အယ်လ်ကိုင်းဒါး နှင့် အဆက်အသွယ်ဖြတ်ကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီး အခြား အစ္စလာမ္မစ်အဖွဲ့ငယ်များနှင့် ပူးပေါင်းကာ HTS အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂