ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ကန့်သတ်ချက်ဖြင့် သင်္ဘောများ ဖြတ်သန်းခွင့်ရရှိခြင်းကို သံတမန်ရေးရာအောင်မြင်မှု လက္ခဏာတစ်ရပ်အဖြစ် ထရမ့် အစိုးရက ထုတ်ဖော်ပြောဆို
အရေးပါသော ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် အခကြေးငွေကောက်ခံသည့် စနစ်တစ်ခု ထူထောင်ရန် တီဟီရန်၏ ကြိုးပမ်းမှုများကို ထရမ့်အစိုးရက ဆက်လက် ကန့်ကွက်နေဆဲဖြစ်သော်လည်း ရေနံတင်သင်္ဘောအချို့ ဖြတ်သန်းသွားလာနိုင်ခြင်းကိုမူ သံတမန်ရေးရာ အောင်မြင်မှုလက္ခဏာတစ်ရပ်အဖြစ် ချီးကျူး ပြောဆိုခဲ့သည်။
“ဒါဟာ ကျွန်မတို့ ထောက်ခံတဲ့အရာ မဟုတ်ပါဘူး ၊ သူတို့ (အီရန်) ဘက် က သင်္ဘောတွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုနေတာကိုလည်း လက်မခံပါဘူး” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က တနင်္လာနေ့ (မတ် ၃၀) တွင် ပြောကြားခဲ့သည်။ လက်ရှိ သင်္ဘောများ ဖြတ်သန်းနေမှုနှင့် ရေလက်ကြားတစ်ခုလုံးကို အဟန့်အတားမရှိ အပြည့်အဝ ဖွင့်လှစ်လိုသည်ဟူသော သမ္မတ ဒေါ်နယ်ထရမ့်၏ သတင်းစကားကြားမှ ကွဲလွဲချက်များအပေါ် မေးမြန်းမှုကို ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေသော ရေနံတင်သင်္ဘောများတွင် ပြီးခဲ့သည့်သီတင်းပတ်က ထရမ့်ကြေညာခဲ့သည့် သင်္ဘော ၁၀ စီးနှင့် လာမည့်ရက်ပိုင်းအတွင်း ထပ်မံဖြတ်သန်းရန် မျှော်လင့်ရသည့် သင်္ဘော ၂၀ စီးတို့ ပါဝင်ကြောင်း၊ ယင်းမှာ “အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပေါ်နေသည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သော ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်သည်” ဟု လီဗစ်က ဆိုသည်။
“သမ္မတရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုနဲ့ သူ့ရဲ့အဖွဲ့က ဒီကိစ္စအပေါ်ပါဝင်ဆောင်ရွက်မှုသာ မရှိခဲ့ရင် ဒီသင်္ဘောတွေဟာ ရွေ့လျားနိုင်မှာ မဟုတ်ပါဘူး၊ ရှေ့လျှောက်မှာလည်း ဒီသဘောတူညီချက်အတိုင်း ဆက်လက် လိုက်နာသွားဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စစ်ပွဲစတင်ကတည်းက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာမှုများမှာ လွန်စွာအဟန့်အတားဖြစ်ခဲ့ရပြီး ယင်းက ရေနံ ဈေးနှုန်းများ မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ကိုးကား- CNN
Photo: The Times of Israel
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
