အီရန် ညှိနှိုင်းရေးမှူးများသည် ယခင်ခေါင်းဆောင်များထက် ပိုမို ကျိုးကြောင်း ဆီလျော်မှုရှိကြောင်း အိမ်ဖြူတော်ပြောကြား
အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းနေသည့် အီရန်အရာရှိများသည် အီရန် အစိုးရ၏ ယခင်ခေါင်းဆောင်ဟောင်းများထက် ပိုမိုကျိုးကြောင်း ဆီလျော်မှုရှိကြောင်း အိမ်ဖြူတော်က တနင်္လာနေ့ (မတ် ၃၀) တွင် ပြောကြား ခဲ့သည်။ သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော် ပြောဆိုရန် ထပ်မံငြင်းဆန်ခဲ့သည်။
"ယခုခေါင်းဆောင်တွေက သီးသန့်ဆွေးနွေးမှုတွေမှာ လက်ရှိကမ္ဘာ ပေါ်မှာ မရှိတော့သည့် ယခင်ခေါင်းဆောင်တချို့ထက်စာရင် ပိုပြီးကျိုးကြောင်း ဆီလျော်သည့် သဘောထားမျိုး ရှိနေကြပါတယ်" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှုများ ကောင်းမွန်စွာ တိုးတက်နေသည် ဟု အခိုင်အမာ ပြောဆိုထားသော်လည်း ၎င်း၏အဖွဲ့အနေဖြင့် စစ်ပွဲနှင့် ပတ်သက်၍ အီရန်နိုင်ငံရှိ မည်သူနှင့် ဆက်သွယ်ပြောဆိုနေသည်ကို အသေးစိတ် ထုတ်ဖော်ခြင်း မရှိသေးပေ။
အီရန်ဘက်မှ မည်သည့်ကတိကဝတ်မျိုးကိုမဆို တာဝန်ခံမှုရှိစေရန် စမ်းသပ်သွားမည်ဖြစ်ကြောင်း Leavitt က ပြောကြားခဲ့သည်။ ထို့အပြင် အကယ်၍ ၎င်းတို့သည် သမ္မတထရမ့်၏ သတ်မှတ်ချက်များအတိုင်း သံတမန်ရေးရာ အဖြေရှာရန်ဆန္ဒမရှိကြောင်း ထင်ရှားပါက အမေရိကန် စစ်တပ်က ၎င်းတို့ကို ထိရောက်စွာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိ ပေးခဲ့သည်။
"ယင်းက အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက် တွေကို စွန့်လွှတ်ပြီး သမ္မတနှင့် သဘောတူညီချက်ရယူဖို့ မှန်ကန်သည့် အရာကို လုပ်ဆောင်နိုင်မည့် နောက်ထပ် သမိုင်းဝင် အခွင့်အရေးတစ်ခုပါပဲ၊ ဒါမှမဟုတ်ရင်တော့ ၎င်းတို့အနေဖြင့် အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြင်းထန်သည့်တိုက်ခိုက်မှု အကျိုးဆက်တွေကို ထပ်မံ ရင်ဆိုင်ရပါလိမ့်မည်" ဟု Leavitt က ဆိုသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
