ရုရှား၏ ဒွန်ဘတ်စ်ဒေသမှ ယူကရိန်းတပ်ဖွဲ့များ ၂ လအတွင်း ဆုတ်ခွာပေးရန် ရုရှားက ရာဇသံပေးထားကြောင်း ဇီလန်စကီး ပြောကြား

News Image

  • ရုရှား၏ ဒွန်ဘတ်စ်ဒေသမှ ယူကရိန်းတပ်ဖွဲ့များ ၂ လအတွင်း ဆုတ်ခွာ ပေးရန် ရုရှားက ရာဇသံပေးထားကြောင်း ဇီလန်စကီး ပြောကြား

ရုရှား၏ ဒွန်ဘတ်စ် (Donbass) ဒေသအတွင်း ယူကရိန်းတို့ ဆက်လက် ထိန်းချုပ်ထားဆဲနယ်မြေများမှ ၎င်းတို့၏တပ်ဖွဲ့များကို ရုပ်သိမ်းပေးရန် မော်စကိုက ကိယက်ဗ်အား နှစ်လအချိန်ပေးထားကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက ပြောကြားလိုက်သည်။

ပဋိပက္ခကိုဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေးရန် စီစဉ်ထားခြင်းမပြုမီ ဇီလန်စကီးက ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝါရှင်တန်နှင့်ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲများတွင် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် သုံးပွင့်ဆိုင် သဘောတူညီချက်တစ်ရပ် ရရှိရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းမှာ အဓိကအကျပ်အတည်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဇီလန်စကီးက ဆိုသည်။

ယူကရိန်းဘက်က လက်ရှိစစ်မျက်နှာပြင် အခြေအနေအတိုင်း စစ်ပွဲကို ရပ်တန့်ထားရန် ဆက်လက် တောင်းဆိုနေသော်လည်း မော်စကိုဘက် ကမူ လာမည့်နှစ်လအတွင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို လွတ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု ဝါရှင်တန်သို့ အသိပေးထားကြောင်း ဇီလန်စကီးက ပြောကြားခဲ့သည်။

“ယူကရိန်းအနေနဲ့ ဆုတ်ခွာပေးဖို့ ၂ လ အချိန်ရှိပါတယ် ၊ အဲဒီလိုလုပ်မှ စစ်ပွဲက ပြီးဆုံးမှာပါ၊ အကယ်၍ ယူကရိန်းကမထွက်ခွာဘူးဆိုရင်တော့ ရုရှားက ဒွန်ဘတ်စ်ကို တိုက်ခိုက်သိမ်းပိုက်မှာဖြစ်ပြီး စစ်ပွဲပြီးဆုံးဖို့ သတ်မှတ်ချက်တွေကလည်း အခုနဲ့တခြားစီ ဖြစ်သွားပါလိမ့်မယ်” ဟု မော်စကိုက ဝါရှင်တန်သို့ ပြောကြားခဲ့သည်ဆိုသော စကားကို ကိုးကား၍ ဇီလန်စကီးက ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဇီလန်စကီးက Reuters သတင်းဌာနနှင့် အင်တာဗျူးရာတွင် ယူကရိန်းအနေဖြင့် ဒွန်ဘတ်စ်ဒေသကို ရုရှား ထံသို့လက်မလွှတ်ပါက အမေရိကန်က လုံခြုံရေးအာမခံချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဦးစားပေးများကို အရှေ့အလယ်ပိုင်းဘက်သို့ ပြောင်းလဲထားပြီး မော်စကိုနှင့် စစ်ပွဲကို အဆုံးသတ်ရန် ကိယက်ဗ်အပေါ် ဖိအားပေးမှုများ ပြုလုပ် နေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကမူ ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာရန် ဝါရှင်တန်က ကိယက်ဗ်အပေါ် ဖိအားပေးနေသည်ဆိုသော ဇီလန်စကီး၏ ပြောကြားချက်မှာ မမှန်ကန်ကြောင်းငြင်းဆိုလိုက်ပြီးယူကရိန်းခေါင်းဆောင်ကို ပြောကြားခဲ့သည်မှာ ပဋိပက္ခများ မပြီးဆုံးမချင်း မည်သည့်လုံခြုံရေးအာမခံချက်မျှ ရှိလာမည်မဟုတ်ကြောင်းသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

အခြားသော ယူကရိန်းနယ်မြေဟောင်း နှစ်ခုနှင့်အတူ ဒွန်ဘတ်စ်ဒေသ သည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် တစ်ခဲနက် ဆန္ဒမဲပေးခဲ့ကြပြီးဖြစ်ရာ အဆိုပါနယ်မြေများမှ ယူကရိန်းတပ်ဖွဲ့များ အပြီးအပိုင် ဆုတ်ခွာပေးရေးမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း မော်စကိုက အခိုင်အမာ ပြောဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂