အီရန် စစ်ပွဲနှင့်ပတ်သက်၍ ထရမ့်၏ မိန့်ခွန်းတွင် ယခင် ပြောဆိုချက်များသာ ထပ်မံထုတ်ဖော်ပြောဆို

News Image

  • အီရန် စစ်ပွဲနှင့်ပတ်သက်၍ ထရမ့်၏ မိန့်ခွန်းတွင် ယခင် ပြောဆိုချက်များသာ ထပ်မံထုတ်ဖော်ပြောဆို

အီရန်စစ်ပွဲနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်၏ "အရေးကြီးသော နောက်ဆုံးအခြေအနေတင်ပြချက်" မှာ ၎င်းကိုယ်တိုင် လွန်ခဲ့သော တစ်လကျော်က စတင်ခဲ့သည့်ပဋိပက္ခအတွက် အမေရိကန် မဲဆန္ဒရှင်များထံမှ ထောက်ခံမှုရရှိရန် နောက်ကျမှကြိုးပမ်းသည့် စည်းရုံးရေးဆင်းမှုတစ်ခုသာ ဖြစ်ခဲ့သည်။

မိနစ် ၂၀ ခန့် ကြာမြင့်သည့်မိန့်ခွန်းတွင် ထရမ့်က အမေရိကန်၏ တိုက်ခိုက်မှုမှာ အီရန်နှင့် ၎င်း၏ လက်ဝေခံအဖွဲ့များက နှစ်ပေါင်း ၅၀ နီးပါးကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပုံဖော်ခဲ့ပြီး အီရန်နိုင်ငံကို နျူကလီးယားလက်နက်ထုတ်လုပ်ခွင့် မပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

၎င်းသည် လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်က ရရှိခဲ့သည့် စစ်ရေးတိုးတက်မှုများကို ကြွားလုံးထုတ်ခဲ့ပြီး ရက်သတ္တပတ် ပေါင်းများစွာ ဗုံးကြဲမှုကို "လူအနည်းငယ်သာ မြင်တွေ့ဖူးသည့်အောင်ပွဲများ" အဖြစ် ဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းက အဆိုပါစစ်ပွဲသည် အမေရိကန် တို့၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်ဟု ဆိုကာ စိတ်ရှည်ကြရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း မဲဆန္ဒရှင်အများစု၏ စိတ်ထဲတွင်ရှိနေသည့် အဓိက မေးခွန်းဖြစ်သော "စစ်ပွဲသည် မည်သည့်အချိန်တွင် အတိအကျ ပြီးဆုံး မည်နည်း" ဆိုသည်ကိုမူ အဖြေအသစ် တစ်စုံတစ်ရာပေးနိုင်ခြင်း မရှိခဲ့ပေ။ "ဒီအဓိက မဟာဗျူဟာမြောက် ရည်မှန်းချက်တွေဟာ ပြီးဆုံးခါနီးနေပြီလို့ ပြောရတာ ဝမ်းသာပါတယ်" ဟု ထရမ့်ကဆိုသော်လည်း လာမည့် နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း အီရန်ကို "ကျောက်ခေတ်ရောက်အောင်" ဗုံးကြဲမည်ဟူသော သူ၏ ကတိကဝတ်ကို ထပ်ခါတလဲလဲ ပြောဆိုခြင်းမှလွဲ၍ ထွက်ပေါက်ဗျူဟာ (Exit Strategy) နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်သစ်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

သမ္မတသည် အီရန်၏ သန့်စင်ပြီးယူရေနီယံများကို သိမ်းပိုက်ရန် သို့မဟုတ် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားနိုင်သည့် အီရန်၏ စွမ်းဆောင်ရည်ကိုလျှော့ချရန် မြေပြင်တပ်ဖွဲ့များစေလွှတ်ရန် အစီအစဉ် ရှိ၊ မရှိ အပါအဝင် စစ်ပွဲ၏ တိကျသော အဆုံးသတ် ပန်းတိုင်ကိုလည်း ရှင်းရှင်းလင်းလင်း မပြောကြားခဲ့ပေ။

ယခင်က တိုးတက်မှုများရှိနေသည်ဟု ထရမ့်ကြွေးကြော်ခဲ့သည့် သံတမန်ရေးရာ ဆွေးနွေးမှုများနှင့်ပတ်သက်၍လည်း အကောင်းမြင်စရာ အရိပ် အယောင်သစ်များ မပြနိုင်ခဲ့ပါ။ ယင်းအစား အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို အရှိန်မြှင့်မည်ဟုသာ ထပ်မံ ခြိမ်းခြောက်ခဲ့သည်။ အဆိုပါလုပ်ရပ်မှာ အမေရိကန် ပြည်သူလူထုထံသို့ ထရမ့် ယခုမှ စတင်စည်းရုံးနေရဆဲဖြစ်သောစစ်ပွဲကို ပိုမိုကျယ်ပြန့် လာစေမည့် အန္တရာယ်ရှိနေသည်။

"အုပ်စုသစ်ဟာ အစွန်းရောက်မှုလျော့နည်းလာပြီး ပိုပြီးတော့ အကျိုးအကြောင်းဆင်ခြင်တုံတရား ရှိလာပါတယ်၊ ဒါပေမဲ့ ဒီကာလအတွင်းမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ မျက်စိဟာ အဓိက ပစ်မှတ်တွေပေါ်မှာ ရှိနေမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂