ယူကရိန်းတွင် ဒေါ်လာ ၁၇ သန်းကျော်တန်ဖိုးရှိ ကောက်ပဲသီးနှံအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုများ ပေါ်ပေါက်
ယူကရိန်းနိုင်ငံတွင် နိုင်ငံတော်ပိုင် အစားအသောက်နှင့်ကောက်ပဲသီးနှံကော်ပိုရေးရှင်း (SFGCU) မှ အကြီးတန်းအရာရှိများနှင့် ပြည်ပကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁၇.၇ သန်း တန်ဖိုးရှိသော ပြောင်းဖူးတန်ချိန် ၁၀၆,၀၀၀ ကျော်ကို အလွဲသုံးစားလုပ်ခဲ့သည့် အစီအစဉ်တစ်ခုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များဖြစ်သော NABU နှင့် SAPO တို့က ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါဖြစ်ရပ်မှာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး စာချုပ်ပါအတိုင်း ငွေကြေးအပြည့်အဝ ကြိုတင်ပေးချေခြင်းမရှိသော်လည်း အရာရှိ များက သင်္ဘောတင်စာရွက်စာတမ်းများကို ဝယ်ယူသူထံ လွှဲပြောင်းပေးကာ ကုန်စည်များကို အခမဲ့ယူဆောင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဆိုပါဆုံးရှုံးမှုများကို ဖုံးကွယ်ရန်အတွက် ဌာနတွင်းစာရွက်စာတမ်းများတွင် လက်မှတ်နှင့် တံဆိပ်တုံးအတုများ အသုံးပြုခဲ့ကြပြီး ရရှိလာသောငွေကြေးများကို ဘဏ်များမှတစ်ဆင့် ငွေခဝါချမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် SFGCU အကြီးအကဲဟောင်းနှင့် ပါဝင်ပတ်သက်သူများကို အလွဲသုံးစားမှု၊ ငွေခဝါချမှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုများဖြင့် တရား စွဲဆိုထားသည်။ ထိုဖြစ်ရပ်သည် ယူကရိန်းတွင် ဖြစ်ပွားနေသော အဂတိလိုက်စားမှုများ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ Energoatom လာဘ်ပေးလာဘ်ယူမှုကြောင့် စွမ်းအင်ဝန်ကြီးနှင့် ဇီလန်စကီး၏ ဝန်ထမ်းအကြီးအကဲတို့ ရာထူးမှနုတ်ထွက်ခဲ့ရသကဲ့သို့ လွှတ်တော် အမတ် ၄၀ ကျော် ပါဝင်ပတ်သက်သည့် မဲမသမာမှုအရှုပ်တော်ပုံများကိုလည်း ဖော်ထုတ်ထားကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
