ဥရောပတိုက်သားများ ဆေးဝါးစရိတ်အတွက် ပိုမိုပေးဆောင်ရမည်ဟု ဂျာမနီဆေးဝါးကုမ္ပဏီကြီး သတိပေး

News Image

  • ဥရောပတိုက်သားများ ဆေးဝါးစရိတ်အတွက် ပိုမိုပေးဆောင်ရမည်ဟု ဂျာမနီဆေးဝါးကုမ္ပဏီကြီး သတိပေး

အမေရိကန်တွင် ဆေးဝါးစျေးနှုန်းများလျှော့ချရန် ဖိအားပေးခံနေရသည့်ကြားမှ အမြတ်ငွေကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် ဥရောပ ဆေးဝါး ထုတ်လုပ်သူများသည် ဥရောပစျေးကွက်အတွင်းရှိ ဆေးဝါးအသစ်များ၏ စျေးနှုန်းကိုမြှင့်တင်ရမည်ဖြစ်ကြောင်း ဂျာမနီဆေးဝါး လုပ်ငန်းစုကြီး ဖြစ်သည့် Bayer က သတိပေးလိုက်သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စျေးနှုန်းကွာဟချက်မမျှတမှုကို အကြောင်းပြ၍ အမေရိကန်တွင် ရောင်းချနေသော အဓိကဆေးဝါးများကို အခြားနိုင်ငံများရှိ စျေးနှုန်းများနှင့်နှိုင်းယှဉ်သတ်မှတ်ရန် ဆေးဝါးကုမ္ပဏီကြီးများကို အမိန့်ထုတ်ပြန်၍ဖိအားပေးခဲ့သည်။ မတ်လအထိ စာရင်းများအရ အဓိကဆေးဝါး ထုတ်လုပ်သူ ၁၆ ခုသည် အမေရိကန်စျေးကွက်တွင် စျေးနှုန်းလျှော့ချ ပေးရန် ဝါရှင်တန်နှင့် သဘောတူညီမှု ရယူခဲ့ကြပြီး အပြန်အလှန်အနေဖြင့် သုံးနှစ်ကြာ အခွန်သက်သာခွင့် (Tariff relief) ကို ရရှိခဲ့ကြသည်။

Bayer ကုမ္ပဏီသည် အဆိုပါသဘောတူညီချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ၎င်း၏ ဆေးဝါးဌာနအကြီးအကဲ Stefan Oelrich က ၎င်းတို့ ကုမ္ပဏီအနေဖြင့် စျေးနှုန်းသတ်မှတ်မှုစနစ်သစ်တစ်ခုအတွက် ပြင်ဆင်နေကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် Bloomberg သို့ ပြောကြားခဲ့သည်။ အမေရိကန်စားသုံးသူများအတွက် လျှော့စျေးပေးထားရမှုများကို ပြန်လည် ကာမိစေရန်အတွက် ဥရောပ၊ ဂျပန်နှင့် အခြားချမ်းသာသောနိုင်ငံများရှိ အစိုးရများနှင့် ဆေးဝါးသစ်စျေးနှုန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဥရောပမှာ ထုတ်ကုန်အသစ်တွေ စတင်ရောင်းချတဲ့အခါ စျေးနှုန်းအဆင့်အတန်းကို မြှင့်တင်ဖို့လိုအပ်ပါတယ်” ဟု Oelrich က Bloomberg သို့ ပြောကြားခဲ့သည်။ “ဒီလိုမှမဟုတ်ရင် လုပ်ငန်းကဏ္ဍတစ်ခုလုံးအနေနဲ့ရော ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ပါ အမေရိကန်မှာ ထပ်တိုးလျှော့စျေးတွေပေးရတဲ့အခါ ကုန်ကျစရိတ်အားလုံးကို ပြန်လည်ကာမိဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု ဆိုသည်။

၎င်းက Financial Times သတင်းစာသို့လည်း အလားတူ မှတ်ချက်ပြုခဲ့ပြီး ဥရောပဒေသသည် ဆေးဝါးသစ်များအတွက် ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေရန်အတွက် ဥရောပ တိုက်သားများသည် ဆေးဝါးဖိုးများကို ပိုမိုပေးဆောင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အမေရိကန်၏ ဈေးနှုန်းများကို ဥရောပ အဆင့်အတန်းနှင့် ချိတ်ဆက်လိုက်ခြင်းက ဆေးဝါးကုမ္ပဏီများကို ဈေးကွက် ရွေးချယ်ရန် ဖိအားပေးသကဲ့သို့ ဖြစ်စေနိုင်ကြောင်း၊ အကြောင်းမှာ ဈေးနှုန်းသက်သာသော ဥရောပဈေးကွက်တွင် ဆေးဝါးအသစ်များ စတင်ဖြန့်ဖြူးခြင်းက အမေရိကန်မှရရှိမည့် ဝင်ငွေများကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိနေသောကြောင့်ဖြစ်ကြောင်း ၎င်းက ယခင်ကလည်း သတိပေးခဲ့ဖူးသည်။

သမ္မတ ထရမ့်၏ အမိန့်ထွက်ပေါ်လာပြီးနောက်ပိုင်း လွန်ခဲ့သော ၁၀ လတာ ကာလအတွင်း ဥရောပ၌ ဆေးဝါးသစ်များ စတင်ဖြန့်ဖြူးမှုမှာ ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း GlobalData ကို ကိုးကား၍ Reuters သတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် ဖော်ပြခဲ့သည်။ အချို့သောကုမ္ပဏီများသည် ၎င်းတို့၏ထုတ်ကုန်များကို ဥရောပဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသည်အထိ ပြုလုပ်ခဲ့ကြသည်။ ဥပမာအားဖြင့် Amgen ကုမ္ပဏီသည် ကိုလက်စထရောကျဆေး Repatha ကို ဒိန်းမတ်နိုင်ငံမှ ရုပ်သိမ်းခဲ့သကဲ့သို့ Indivior ကုမ္ပဏီသည်လည်း မူးယစ်ဆေးဖြတ်ဆေး များဖြစ်သော Subutex နှင့် Suboxone တို့ကို ဆွီဒင်နှင့် အခြားဈေးကွက်များမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂