တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

News Image

  • တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

နေပြည်တော် ဧပြီ ၁၃

 

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူး ချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ ရောက်ရှိလာစေရန် ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံး ညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီ အပူများကို အေးမြစေကြောင်း ရေပက်ဖျန်း၍ မြန်မာ့ရိုးရာ အတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။

 

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ် အတာကူးကြသည်။

 

ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြို နေ့တွင်တိုင်းစစ်ဌာနချုပ်အသီးသီး၌ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နှစ်ဦးအားမာန် နေဝန်းနီ သင်္ကြန်အတာရေကစားမဏ္ဍပ်အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ရွှေနေကြာသင်္ကြန် မဏ္ဍပ်၌လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် နမ့်စန် တပ်နယ်ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာသင်္ကြန် မဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့မြန်မာ့ရိုးရာမဟာင်္ကြန် ဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည် ရေကစားမဏ္ဍပ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန် ရေသဘင်ပွဲတော် မဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် စစ်တွေတပ်နယ် မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ မုံရွာမြို့ ဗဟိုမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နန်းမြို့သူ ဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေး မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြ ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။

MDN