အမေရိကန် လွှတ်တော်အမတ်နှစ်ဦး လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံများကြောင့် ရာထူးမှ နုတ်ထွက်မည်
ဒီမိုကရက်တစ်လွှတ်တော်အမတ် Eric Swalwell နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ် Tony Gonzalez တို့သည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု စွပ်စွဲချက်များကြောင့် အမေရိကန် အောက်လွှတ်တော် အမတ် အဖြစ်မှ နုတ်ထွက်မည်ဟု ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် လွှတ်တော်အမတ်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသည့် Swalwell က အဆိုပါစွပ်စွဲချက်များကိုငြင်းဆိုခဲ့ပြီး ၎င်း၏ဇာတိ ကာလီ ဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဝင်မည့် အစီအစဉ်ကို ဟန့်တားရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ထိပ်ဆုံးမှပြေးနေသူတစ်ဦးလည်း ဖြစ်သည်။ Swalwell သည် တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင် ၎င်း၏ မဲဆွယ် စည်းရုံးမှုကို ရပ်နားခဲ့ပြီး နောက်တစ်နေ့တွင် လွှတ်တော်မှ နုတ်ထွက်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။
"ကျွန်တော့်ရဲ့ အတိတ်ကဆုံးဖြတ်ချက်အမှားတွေအတွက် ကျွန်တော့်ရဲ့ မိသားစု၊ ဝန်ထမ်းတွေနဲ့ မဲဆန္ဒရှင်တွေကို အလေးအနက် တောင်းပန်ပါတယ်" ဟု Swalwell က X လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြား ခဲ့သည်။ ၎င်းအား ရာထူးမှထုတ်ပယ်ရေး မဲခွဲဆုံးဖြတ်ရန် တောင်းဆိုမှု များကို ဝေဖန်ခဲ့သော်လည်း "ကျွန်တော် အာရုံပျံ့လွင့်နေတာကြောင့် ကျွန်တော့်ရဲ့ မဲဆန္ဒရှင်တွေအတွက်တာဝန်တွေကို မကျေပွန်ဘဲ ဖြစ်နေ ရပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
CNN သတင်းဌာန၏ ဖော်ပြချက်အရ အမျိုးသမီး လေးဦးသည် Swalwell ကို လိင်အလွဲသုံးစားပြုမှုများဖြင့် စွပ်စွဲထားကြောင်း သိရှိရသည်။ ထို စွပ်စွဲချက်များတွင် ဝန်ထမ်းဟောင်းတစ်ဦးက သူမ အလွန်အမင်း မူးယစ် နေစဉ် ၂၀၁၉ နှင့် ၂၀၂၄ ခုနှစ်တို့၌ Swalwell က သူမကို မုဒိမ်းကျင့် ခဲ့သည် ဟူသော စွပ်စွဲချက်လည်း ပါဝင်သည်။ အခြားအမျိုးသမီးများ ကလည်း Swalwell သည် ၎င်းတို့အား ခန္ဓာကိုယ်ကို ကိုင်တွယ် နှောင့်ယှက်ခြင်း၊ ရိုင်းစိုင်းသော စာတိုများနှင့် အဝတ်အစားမပါသော ဓာတ်ပုံများပေးပို့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားကြသည်။
၂၀၂၃ ခုနှစ်တွင် Swalwell သည် တရုတ်ထောက်လှမ်းရေးဟု သံသယရှိသူတစ်ဦးနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း Axios ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။
တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန်အမတ် Gonzalez သည် ၂၀၂၅ ခုနှစ်တွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားသည့် လက်ထောက် ဝန်ထမ်းတစ်ဦးနှင့် ပတ်သက်မှုရှိခဲ့ကြောင်း ပေါ်ပေါက်လာပြီးနောက် ပြီးခဲ့သည့်လတွင် ၎င်း၏ ပြန်လည်ရွေးကောက်ခံမည့် မဲဆွယ်စည်းရုံးမှုကို ရပ်နားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် လွှတ်တော်ထဲသို့ စတင် ရောက်ရှိ လာသည့် Gonzalez က ထိုပတ်သက်မှုကို ‘ဆုံးဖြတ်ချက် မှားယွင်းမှုတစ်ခု’ ဟု ဆိုကာ ဝန်ခံခဲ့သည်။ လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်မည့် အင်္ဂါနေ့ (ဧပြီ ၁၄) တွင် ၎င်း၏ နုတ်ထွက်စာကို တရားဝင်တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက တနင်္လာနေ့ (ဧပြီ ၁၃) တွင် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
