ရုရှားရေနံအပေါ် ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို အမေရိကန် သက်တမ်းတိုးမြှင့်
အမေရိကန်အစိုးရသည် ရုရှားရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများမှ ကင်းလွတ်ခွင့်ပေးထားခြင်းကို မေလ ၁၆ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါလုပ်ဆောင်ချက်သည် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကင်းလွတ်ခွင့်ကို သက်တမ်းတိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည့် ကတိကဝတ်ကို နှစ်ရက်အတွင်း ပြန်လည်ရုပ်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကင်းလွတ်ခွင့်အရ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ သင်္ဘောပေါ် တင်ဆောင်ပြီးသော ရုရှားရေနံများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုမည်ဖြစ်ပြီး ပိတ်ဆို့အရေးယူခံထားရသည့် သင်္ဘောများအတွက်ပင် ဆိပ်ကမ်းကပ်ခွင့်နှင့် အာမခံဝန်ဆောင်မှုများ ရရှိမည်ဖြစ်သည်။ အမေရိကန်၏ထိုဆုံးဖြတ်ချက်မှာ အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကမူ ၎င်းတို့၏ ရေနံတင်သင်္ဘောများသည် ပုံမှန်အတိုင်းသွားလာနေဆဲဖြစ်သဖြင့် အဆိုပါ ကင်းလွတ်ခွင့်မှာ အဓိပ္ပာယ်မရှိကြောင်း ပယ်ချခဲ့သည်။ လက်ရှိတွင် ရုရှား သည် ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် တစ်နေ့လျှင် အပိုဆောင်းဝင်ငွေ ဒေါ်လာ ၁၅၀ သန်းခန့် ရရှိနေပြီး စစ်ပွဲအတွင်း အကျိုးအမြတ်ရရှိသည့် နိုင်ငံဖြစ်လာနေသည်။
အမေရိကန်၏ အဆိုပါလျှော့ပေါ့မှုကို ဥရောပသမဂ္ဂ (EU) နှင့် ယူကရိန်း ခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ဥရောပ ကော်မရှင် ဥက္ကဋ္ဌက ရုရှားအပေါ် ပိတ်ဆို့မှုလျှော့ပေါ့ပေးရန် အချိန်မဟုတ်သေးကြောင်း ပြောကြားခဲ့သကဲ့သို့ ယူကရိန်း သမ္မတ Zelensky ကလည်း ယခုကင်းလွတ်ခွင့်သည် ရုရှားအတွက် စစ်စရိတ် ဒေါ်လာ ၁၀ ဘီလီယံခန့် ထောက်ပံ့ပေးရာရောက်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
