မုဒုံမြို့နယ်၌ ဒူးရင်းသီးများ ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေ
မုဒုံ ဧပြီ ၂၂
မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး ပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံ တစ်မျိုးဖြစ်သည့် ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုး ဖြစ်သောကြောင့် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
မုဒုံမြို့နယ်တွင် ဒူးရင်းပင်အမျိုး အစားပေါင်း ၂၀ ခန့် စိုက်ပျိုးကြရာ မွန်ထောင်း၊ ချန်နီ၊ မလေးမျိုး (မူဆန်ကင်း)၊ ထိုင်းမျိုးတို့ကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့် အဓိကထား စိုက်ပျိုးကြသည်။ ဒူးရင်းပင် ကိုင်းဆက်မျိုးများကို စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် အသီးများ စတင်ထွက်ရှိကြောင်း၊ ဒူးရင်းပင် တစ်ဧကလျှင် အပင်တန်း တန်းကြား ပေ ၃၀ ပတ်လည် စိုက်ပျိုးမည်ဆိုပါက ၄၈ ပင်၊ ၂၅ ပေပတ်လည် စိုက်ပျိုးမည်ဆိုပါက အပင် ၇၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များ ပိုးမကျစေရန်နှင့် သဘာဝဓာတ်မြေဩဇာများ ထည့်သွင်းခြင်း လုပ်ငန်းများကို နည်းစနစ်တကျစိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဒူးရင်းမျိုးကောင်း တစ်ဧက စိုက်ပျိုးရုံဖြင့် တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၁၀၀ ကျော်ရရှိနိုင်ကြောင်း၊ ဘဲရမ်းကျေးရွာမှ ဒူးရင်းသီးစိုက် တောင်သူတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်ဒေသထွက် ဒူးရင်း မျိုးကောင်း မျိုးသန့်များကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရန် ဒူးရင်းမျိုးများ သုတေသနပြုစိုက်ပျိုးထားရှိခြင်း၊ သစ်သီးဝလံသုတေသန စိုက်ပျိုးရေး နည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)
MDN
