အာဖဂန်နစ္စတန်နိုင်ငံ၌ ကုန်သွယ်မှုဗဟိုဌာနတစ်ခု စတင်တည်ဆောက်လျက်ရှိ
ကဘူး ဧပြီ ၂၂
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ စီးပွားရေးအချက်အချာကျသောနေရာ၌ ကုန်သွယ်မှုဗဟိုဌာနကို စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှုဗဟိုဌာန တည်ဆောက်ရေးစီမံကိန်းကို ဧပြီ ၂၂ ရက်တွင် စတင်ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၈ သန်းခန့် ရင်းနှီးမြှုပ်နှံ ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းသစ်များနှင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ဒေသခံများအတွက် စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန်နှင့် ဒေသတွင်းစီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများကို မြှင့်တင်ရန် ရည်မှန်းထားသည်။
အဆိုပါ ကုန်သွယ်မှုဗဟိုဌာနစီမံကိန်းတွင် အသေးစားလုပ်ငန်းများထားရှိရန် ဒီဇိုင်းထုတ်ထားသည့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများစွာ ပါဝင်မည်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
