ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
တောင်ကြီး ဧပြီ ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ယနေ့ညနေပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်၍ အမျိုးသားပွဲစဉ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကလောခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားခုနစ်သင်း၊ အမျိုးသမီးကိုးသင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဧပြီ ၂၂ ရက်မှ ၂၆ ရက် အထိ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ အမှတ်(၂) မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် တောင်ကြီးမြို့ လေးမိုင်ကွေ့ မြို့ရှောင်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်းဆောင်ရွက်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တောင်ကြီးမြို့နယ် လေးမိုင်ကွေ့ နောင်တလီ-ညိုမီး-နောင်ပနားဗွာ-ထီရီး-(မွေးမြူရေးဇုန်)မြို့ရှောင်လမ်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်ပေးရန်နှင့် လမ်းအကွေ့တက်နေရာ များတွင် ပြေပြစ်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
MDN
