နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး

News Image

  • နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၃

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ခုတင်-၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ပျဉ်းမနားမြို့မှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစားပင်စင် လစာထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်များ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ၂ဝ၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ နေပြည်တော်အားကစားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အားကစားသမားများအတွက် ရဲမန်ဆောက်လုပ်ရေး‌ကုမ္ပဏီက အလှူငွေပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသား ဘော်လီဘောပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ပျဉ်းမနားမြို့နယ်အသင်းက သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရရှိသည်။ အဆိုပါ ၂ဝ၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားရှစ်သင်းအား အုပ်စုနှစ်စုခွဲ၍လည်းကောင်း၊ အမျိုးသမီးရှစ်သင်း အား အုပ်စုနှစ်စုခွဲ၍လည်းကောင်း ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)

MDN