ဒေါ်လာငွေကြေးပြတ်လပ်မှု အန္တရာယ်ကို ကာကွယ်ရန်အတွက် ယွမ်ငွေကြေးအား ပြောင်းလဲအသုံးပြုမည်ဟု အမေရိကန်ကို ဖိအားပေးလိုက်သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု
အာရပ်စော်ဘွားများပြည်ထောင်စုသည် လက်ရှိဖြစ်ပွားနေသည့် အီရန် စစ်ပွဲနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရထံမှ ဘဏ္ဍာရေးဆိုင်ရာ အာမခံချက်တစ်ခုရရှိရန် ဖိအားပေးသည့်အနေဖြင့် ရေနံ ရောင်းဝယ်မှုတွင် တရုတ်ယွမ်ငွေကို ပြောင်းလဲအသုံးပြုသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း Wall Street Journal သတင်း ဌာနကဖော်ပြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့၌ ပြုလုပ်ခဲ့သော အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စု ဗဟိုဘဏ်ဥက္ကဋ္ဌ ခါလက် မိုဟာမက် ဘာလာမားက ထိုသို့ ပြောကြား၍ အမေရိကန်ဒေါ်လာ၏ အဓိကကျသော အခန်းကဏ္ဍအပေါ် သွယ်ဝိုက်ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများကိုကိုးကား၍ သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းတွင် ဖော်ပြသည်။
အီရန်နိုင်ငံအပေါ် အမေရိကန်၏စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသောစီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဆက်လက်မြင့်တက်လာပါက အာရပ်စော်ဘွားများပြည်ထောင်စု အနေဖြင့် ဒေါ်လာငွေကြေးပြတ်လပ်မှု အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အရေးပေါ် ငွေကြေးအကူအညီများ လိုအပ်လာနိုင်သည်။
ထို့ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စုအနေဖြင့် ဒေါ်လာပြတ်လပ်မှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေနံကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာ ငွေကြေးအစား တရုတ် ယွမ်ငွေကို အစားထိုးအသုံးပြုနိုင်ဖွယ်ရှိသည်ဟု ဘာလာမားက ပြောကြားခြင်းဖြစ်သည်။
သို့ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ အစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းနိုင်သော်လည်း ပုံမှန်အားဖြင့် ထိုကဲ့သို့သောအစီအစဉ်များကို အမေရိကန်ဗဟိုဘဏ်ကသာ ကိုင်တွယ်ဆောင်ရွက်လေ့ ရှိသောကြောင့် အာရပ်စော်ဘွားများပြည်ထောင်စုအတွက် အမေရိကန်ဗဟိုဘဏ်မှ ခွင့်ပြုချက်ရရှိရန်မှာ မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
အီရန်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အမေရိကန်နှင့်၎င်း၏ မဟာမိတ်နိုင်ငံများအတွက် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များ မြင့်တက်လာစေရန် ရည်ရွယ်သည့် အချိုးမညီဖိအားပေး ရေးမဟာဗျူဟာကို ကျင့်သုံးလျက်ရှိသည်။ အဆိုပါမဟာဗျူဟာအရ ပင်လယ် ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက် စခန်းများနှင့် အခြားအရေးကြီးနေရာများကို တုံ့ပြန်တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရပြီး အီရန်တပ်မတော်၏ ဒရုန်းနှင့် ဒုံးကျည်အစင်းပေါင်း ၂၈၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရခြင်းကြောင့် စီးပွားရေးအရ အလွန်အထိနာစေခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
MWD
