နေပြည်တော် ဧပြီ ၂၃ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင် နှင့် ဒေါက်တာအောင်ဇေယျ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများမှ ပညာရှင်များက ဝါးမှ ချည်မျှင်ထုတ်လုပ်သည့် ကဏ္ဍအလိုက် တင်ပြခြင်းများ၊ အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အဖွဲ့လိုက်ဆွေးနွေးရာတွင် ဝါးမှ ချည်ချောထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ဝါးကုန်ကြမ်းကွင်းဆက်နှင့် စိုက်ပျိုးထုတ် လုပ်မှုကဏ္ဍ၊ နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ် ကဏ္ဍ၊ စက်ပစ္စည်းနှင့် ချည်ချောထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒရေးရာကဏ္ဍ စသည့် အုပ်စု လေးစုဖြင့် ခွဲခြားဆွေးနွေးသွားမည်ဖြစ်ကြောင်း။ အုပ်စုများတွင် သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အုပ်စု(၁)အနေဖြင့် ဝါးကုန်ကြမ်း ကွင်းဆက်နှင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်ပြီး ကုန်ကြမ်းအရည်အသွေးနှင့် မျိုးရွေးချယ်မှု၊ စိုက်ပျိုးမှုစနစ်နှင့် ရေရှည်တည်တံ့မှု၊ ကုန်ကြမ်း စုဆောင်းမှုနှင့် သယ်ယူပို့ဆောင်ရေး စသည့် အချက်များကိုလည်းကောင်း၊ အုပ်စု(၂)အနေဖြင့် နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ်များနှင့် ပတ်သက်၍ ဝါးမှ Textile – Grade Fiber ဖြစ်အောင် ဆောင်ရွက်မည့်နည်းလမ်းများ၊ မြန်မာနိုင်ငံအတွက် အဆင်ပြေသင့်တော်မည့် နည်းလမ်း၊ အဆိုပါနည်းလမ်း၏ ထုတ်လုပ်မှု နည်းစဉ်၊ အသုံးပြုရမည့် စက်ကိရိယာများ၊ စက်များရရှိနိုင်မှုအခြေအနေနှင့် အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရည်အသွေးထိန်းကျောင်း စစ်ဆေးသင့်သည့် အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စီမံဆောင်ရွက်သင့်သည့် အချက်များ၊ မြန်မာနိုင်ငံရှိ MSME များအနေဖြင့် ဝါးမှ ချည်ချောထုတ်လုပ်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများ စသည့်အချက်များကိုလည်းကောင်း၊ အုပ်စု(၃) အနေဖြင့် စက်ပစ္စည်းနှင့် ချည်ချောထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်၍ ကုန်ကြမ်းပြင်ဆင်ခြင်း၊ စက်ကိရိယာနှင့် နည်းပညာ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ကုန်ကျစရိတ်၊ စိန်ခေါ်မှုနှင့် ဖြေရှင်းမည့်နည်းလမ်းများ စသည့် အချက်များကိုလည်းကောင်း၊ အုပ်စု(၄) အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒရေးရာကဏ္ဍနှင့် ပတ်သက်၍ မူဝါဒရေးရာ၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ၊ သက်ရောက်မှုများလျှော့ချရေး နှင့် စီမံချက် (Action Plan) အကောင်အထည်ဖော်ရေး စသည့် အချက်များကိုလည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုဖော်ဆောင်ရာတွင် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဝါးမှ ချည်ချောထုတ်လုပ်သည့်လုပ်ငန်းကို အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ပြီးစီးအောင် အထူးကိစ္စရပ် တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဝါးမှ ချည်ချောထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့၏ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ကြရန် ဆန္ဒပြုတိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သုတေသနအရာရှိ၊ ရန်ကုန်နည်းပညာ တက္ကသိုလ် ချည်မျှင်နှင့် အထည်အင်ဂျင်နီယာဌာန ပါမောက္ခ၊ ဌာနမှူး၊ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း အထွေထွေမန်နေဂျာ၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) ဒုတိယစက်ရုံမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်သည်။ မွန်းလွဲပိုင်းတွင် အုပ်စုအလိုက် သတ်မှတ်ထားသည့် ကဏ္ဍအသီးသီးတို့ကိုဆွေးနွေး၍ အုပ်စုအလိုက် ဆွေးနွေးရရှိသည့်ရလဒ်များကို ပြန်လည်ရှင်းလင်း တင်ပြသည်။ ထို့နောက် အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အုပ်စုအလိုက် ဆွေးနွေးပွဲရလဒ်များအပေါ် သုံးသပ်တင်ပြခြင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကို အခြေခံ၍ စာတမ်းတစ်စောင်ပြုစုပြီး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်MDN
Fri, 24-Apr-2026