အင်ဒိုနီးရှားတွင် ရထားအချင်းချင်း ဝင်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးသီးသန့်တွဲ ပျက်စီးပြီး ၁၅ ဦးသေဆုံးကာ ၈၀ ကျော် ဒဏ်ရာရ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ဆင်ခြေဖုံးရှိ Bekasi Timur ဘူတာတွင် တနင်္လာနေ့ (ဧပြီ ၂၇) က ရထားနှစ်စင်း ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁၅ ဦး သေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါမတော်တဆမှုသည် ရှေ့တွင်ရပ်တန့်နေသော မြို့ပတ်ရထား၏ နောက်ဆုံးတွဲကို ခရီးဝေးသွားရထားတစ်စင်းက ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး တိုက်မိသည့် ရထားတွဲမှာ အမျိုးသမီးများအတွက် သီးသန့် သတ်မှတ်ထားသည့် တွဲဖြစ်သောကြောင့် သေဆုံးသူအားလုံးမှာ အမျိုးသမီးများဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ပျက်စီးသွားသော ရထားတွဲများအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ရန် တစ်ညလုံးခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီး အင်္ဂါနေ့ (ဧပြီ ၂၈) တွင်မှ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး ခဲ့သည်။
ကနဦးစုံစမ်းချက်များအရ မြို့ပတ်ရထားသည် သံလမ်းပေါ်တွင် စက်ပျက်နေသော တက္ကစီတစ်စင်းကို တိုက်မိခဲ့သဖြင့် ရပ်တန့်နေစဉ် နောက်မှလာသည့် ရထားက ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရှိရသည်။လတ်တလောတွင် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့နှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့များက မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
