မကွေးတိုင်းဒေသကြီးအတွင်း အရည်အသွေးမြင့် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး
နေပြည်တော် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ဝါစက် လုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် လက်ရှိချည်မျှင် ရှည်ဝါစိုက်ဧက၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းမှ ချည်မျှင်ရှည်ဝါ မျိုးကောင်းများ စိုက်ပျိုး၍ ၂၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းသည့် ချည်မျှင်အလွန်ရှည်သော ဝါမျိုးများ (ELS) စိုက်ပျိုးသွားရန် ဝါစိုက်ပျိုးရာတွင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းရရှိရန် စိုက်ပျိုးနည်းစနစ် ရလဒ်ကောင်းများ ဖော်ထုတ်ရရှိပြီးဖြစ်၍ နည်းပညာ ပြန့်ပွားအောင် လုပ်ဆောင်ရန် ဆွေးနွေးမှာကြားကာ တောင်သူများအား ဝါမျိုးစေ့များ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများအားလုံး နှစ်အလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရန်နှင့် စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်တိကျမှုရှိစေရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန လက်အောက်ရှိ ဒေသသုတေသနဗဟိုဌာန (မကွေး) ၌ ဆောင်ရွက်လျက်ရှိသည့် သီးနှံမျိုးစေ့များအား Low Pressure Cold Radio Frequency Discharge Plasma (LPCRFDP) စက်ဖြင့် စီရင်ပေးပြီး အကျိုးသက်ရောက်မှုလေ့လာခြင်း စမ်းသပ် ဆောင်ရွက်မည့် အစီအစဉ်နှင့် အဆိုပါစက်ဖြင့် သီးနှံမျိုးစေ့များ စီရင်ပုံအဆင့်ဆင့်ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN

,