စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲများ နောက်တစ်ကြိမ် အကျပ်အတည်းနှင့် ထပ်မံရင်ဆိုင်နေရ

News Image

  • စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲများ နောက်တစ်ကြိမ် အကျပ်အတည်းနှင့် ထပ်မံရင်ဆိုင်နေရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲအဆုံးသတ်ရန် အမေရိကန် ၏ ကမ်းလှမ်းချက်အပေါ် အီရန်၏ တုံ့ပြန်မှုကို “လုံးဝလက်ခံနိုင်စရာမရှိ” ဟု ပြောကြားလိုက်ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ တစ်ကျော့ပြန် အကျပ်အတည်းဆိုက်နေသည်။

အီရန်၏ တုံ့ပြန်မှုနှင့် အမေရိကန်၏ ငြင်းပယ်မှု 

အီရန်အစိုးရပိုင် မီဒီယာများ၏ အဆိုအရ တီဟီရန်၏ တုံ့ပြန်ကမ်းလှမ်းမှုတွင် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုရန်နှင့် စစ်လျော်ကြေးပေးရန်တောင်းဆိုချက်များ ပါဝင်နေသည်။ သို့သော် အမေရိကန်က အဓိက ကိုင်တွယ်လိုသည့် အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။

အစ္စရေးက အမေရိကန်၏ စစ်ရေးအကူအညီကို ဖြတ်တောက်လို 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက CBS နှင့် အင်တာဗျူးတွင် အမေရိကန်ထံမှ ရရှိနေသော တစ်နှစ်လျှင် ဒေါ်လာ ၃.၈ ဘီလီယံ စစ်ရေးအကူအညီကို ‘Zero’ အထိ လျှော့ချလိုကြောင်း ပြောကြားခဲ့သည်။ “ကျန်ရှိနေသေးတဲ့ စစ်ရေးအကူအညီတွေအပေါ် မှီခိုနေရတာကနေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

နေတန်ယာဟုနှင့် ထရမ့်တို့ ဆွေးနွေး 

နေတန်ယာဟုက အီရန်တွင် "လုပ်ဆောင်စရာများ ကျန်ရှိနေသေးသည်" ဟု ပြောကြားခဲ့ပြီး အီရန်၏ သန့်စင်ပြီးယူရေနီယံ လက်ကျန်များကို ဖယ်ရှားရန် အရေးကြီးကြောင်း ထရမ့်နှင့် သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။ အီရန်က ၎င်း၏ တုံ့ပြန်ချက်ကိုပေးပို့ခဲ့သည့် တနင်္ဂနွေနေ့ (မေ ၁၀)ညနေပိုင်းတွင်လည်း နေတန်ယာဟုနှင့် ထရမ့်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်သွားခြင်းကြောင့် ကမ္ဘာ့ရေနံ ငါးပုံ တစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုအပေါ် စိုးရိမ်မှု များမြင့်တက်လာပြီး ရေနံဈေးနှုန်းများလည်း မြင့်တက်သွားခဲ့သည်။ Brent ရေနံစိမ်းဈေးသည် ၃.၁၇% မြင့်တက်ကာ တစ်စည်လျှင် $၁၀၄.၅၀ သို့ ရောက်ရှိနေပြီး အမေရိကန် WTI ရေနံစိမ်းသည်လည်း ၃.၂၁% မြင့်တက်ကာ တစ်စည်လျှင် $၉၈.၄၈ ဝန်းကျင်သို့ ရောက်ရှိနေသည်။

နိုဗယ်ဆုရှင် နာဂတ်စ် မိုဟာမ္မဒီ ဆေးရုံပြောင်းရွှေ့ 

အီရန်အကျဉ်းထောင်တွင် ဆယ်စုနှစ်နှစ်ခုနီးပါး ဖြတ်သန်းခဲ့ပြီး ကျန်းမာရေးဆိုးရွားနေသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမ္မဒီ (Narges Mohammadi) ကို အာမခံပေးလိုက်ပြီး ဇန်ဂျန်မြို့ရှိဆေးရုံမှ တီဟီရန်ရှိ ဆေးရုံသို့ တနင်္ဂနွေနေ့ (မေ ၁၀) တွင် ပြောင်းရွှေ့ကုသခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံ၏ စောင့်ကြည့်လေ့လာမှု

ယခုစစ်ပွဲသည် တရုတ်နိုင်ငံအတွက် အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်များကိုလေ့လာရန် အခွင့်အရေးတစ်ရပ် ဖြစ်နေသည်။ အကယ်၍ ပေကျင်းနှင့် ဝါရှင်တန်တို့အကြား ပဋိပက္ခဖြစ်ပွားလာပါက မည်သို့ဖြစ်လာနိုင်သည်ကို ယခုစစ်ပွဲက သင်ခန်းစာများပေးနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး