အီရန်နိုင်ငံ၏ တုံ့ပြန်ကမ်းလှမ်းမှုမှာ ဆီလျော်မှုရှိသည်ဟုဆိုကာ ထရမ့် ၏ ဝေဖန်မှုကို အီရန်ပယ်ချ

News Image

  • အီရန်နိုင်ငံ၏ တုံ့ပြန်ကမ်းလှမ်းမှုမှာ ဆီလျော်မှုရှိသည်ဟုဆိုကာ ထရမ့် ၏ ဝေဖန်မှုကို အီရန်ပယ်ချ

အမေရိကန်-အစ္စရေးစစ်ပွဲကို အဆုံးသတ်ရန် အီရန်၏ နောက်ဆုံး တင်ပြခဲ့သောအဆိုပြုချက်မှာ ကျိုးကြောင်းဆီလျော်ပြီး ရက်ရောမှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြစ်တင်ရှုတ်ချမှုအပြီးတွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါယီ (Esmail Baghaei) က မေလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

အီရန်ရုပ်သံမှထုတ်လွှင့်ပြသခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဘာဂါယီ က “ကျွန်တော်တို့ရဲ့ အဆိုပြုချက်မှာ ပါဝင်တဲ့အချက်တွေအားလုံးဟာ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်တွေ၊ တာဝန်သိတဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ရက်ရောတဲ့အဆိုပြုချက်တွေပဲဖြစ်ပါတယ် ၊ ဒါဟာ အီရန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်တင်မကဘဲ ဒေသတစ်ခုလုံးနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်ပါ ရည်ရွယ်တာပါ” ဟု ပြောဆိုခဲ့သည်။

သမ္မတထရမ့်က အီရန်၏အဆိုပြုချက်ကို “လုံးဝလက်ခံနိုင်စရာမရှိ” ဟု တနင်္ဂနွေနေ့ (မေ ၁၀) တွင် ပြောကြားခဲ့သည်။

တီဟီရန်၏တောင်းဆိုချက်များတွင် ဒေသတွင်းစစ်ပွဲကို ရပ်တန့်ရန် အတွက် ဘာဂါယီက ‘အီရန်သင်္ဘောများအပေါ် ပင်လယ်ဓားပြဆန်ဆန် ပြုမူမှုများ’ ဟု ခေါ်ဆိုသည့် လုပ်ရပ်များကို အဆုံးသတ်ရန်နှင့် အမေရိကန်၏ ဖိအားပေးမှုကြောင့် နိုင်ငံခြားဘဏ်များတွင် ပိတ်ဆို့ခံထားရသောအီရန်ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန်တို့ ပါဝင်ကြောင်း အီရန် အရာရှိက ပြောကြားခဲ့သည်။

ထို့အပြင် အီရန်၏တုံ့ပြန်အဆိုပြုချက်တွင် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုရန်နှင့် စစ်ပွဲကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်တို့လည်းပါဝင်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

အီရန်၏စီမံကိန်းအပေါ် ထရမ့်၏ကန့်ကွက်မှုနှင့်ပတ်သက်၍ ဘာဂါယီ က “ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ပြောရရင် ဘယ်လို နှောင့်ယှက်မှုတွေပဲရှိရှိ ကျွန်တော်တို့ဟာ အီရန်ရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ အာရုံစိုက်ထားတယ်ဆိုတာ ပြသခဲ့ပြီးပါပြီ၊ ကျွန်တော်တို့ရဲ့ အကျိုး စီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းမှန်သမျှနဲ့ ဆောင်ရွက်သွားမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး