သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကျင်းပ

News Image

  • သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကျင်းပ

ရန်ကုန် မေ ၁၆

နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော်တက်ရောက်ပြီး ယနေ့တွေ့ဆုံမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးသော ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်မှစတင်၍ ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ ပိုမိုထိရောက်အောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌနှင့် မြန်မာသံအမတ်ကြီးဟောင်းများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာ့ကော်ဖီနှင့် မြန်မာနံနက်ခင်း စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

moi